
ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်မှာ ဇူလိုင် ၅ ရက်က နိုင်ငံရေးအကျဉ်းသားတွေကို နာမည်ကြီး လူမိုက်အကျဉ်းသား ဦးဆောင်တဲ့အဖွဲ့က ဝိုင်းဝန်းရိုက်နှက်ခဲ့တာကြောင့် တချို့ ထိခိုက်ဒဏ်ရာရပြီး နိုင်ငံရေးအကျဉ်းသားတယောက် အပြင်ဆေးရုံထုတ်ကာ အရေးပေါ် ဆေးကုသပေးနေရတယ်လို့ အကျဉ်းဦးစီး ဝန်ထမ်းအသိုက်အဝန်းဆီက သိရပါတယ်။
ထောင်ဝန်ထမ်းတယောက်က “အဓိက ရိုက်တဲ့ကောင်က အရင်တုန်းကလည်း ခဏခဏ နိုင်ကျဉ်းတွေကို ပြဿနာရှာတယ်၊ ခဏခဏ အနိုင်ကျင့်တယ်၊ ရိုက်တာတွေ လုပ်လွန်းလို့ ဝိုင်းတိုင်ထားတာ။ အခုကတော့ တော်တော်ကို ဆိုးလာတာ။ မနေ့ (ဇူလိုင် ၅ ရက်) က သူနဲ့ သူ့တပည့်တွေ နိုင်ကျဉ်းတွေကို ဝိုင်းရိုက်လိုက်တာ၊ နိုင်ကျဉ်းတယောက် သာယာဝတီဆေးရုံကြီးကို တင်လိုက်ရတယ်။ ထောင်ထဲမှာ တော်ရုံတန်ရုံနဲ့ အပြင်ဆေးရုံထွက်ရလေ့မရှိဘူး။ သေခါနီးမှသာ ထုတ်တာ။ အခုက ဒဏ်ရာ ဘယ်လောက်ပြင်းလဲမသိ၊ ဒါကြောင့် အပြင်ဆေးရုံအထိ ပို့လိုက်ရတာ။ ရိုက်တဲ့သူက ထောင်ပိုင်နဲ့ ဝန်ထမ်းတွေ မွေးထားတဲ့ကောင်ဆိုတော့၊ ထောင်ပိုင်တို့ ဘာတို့က သူတို့ကိုယ်တိုင် မရိုက်ချင်ရင် ဒီကောင့်ကိုပဲ ရိုက်ခိုင်းနေကြပဲ။ ဝိုင်းတိုင်လိုက်ရင်လည်း အရေးယူသလိုလို ဘာလိုလို လုပ်ပြီး ဒီအဆောင်ကနေ နောက်တဆောင်ကို သူ့ကို ပြောင်းလိုက်တာပဲ။ နောက် သူပြောင်းသွားတဲ့အဆောင်မှာ ထပ်ပြီး နိုင်ကျဉ်းတွေကို နှိပ်စက်တော့တာပဲ။ သူက အပြင်မှာလည်း လူမိုက်ဆိုတော့ ထောင်ထဲမှာလည်း တပည့်တွေက အများကြီးရှိပြီး အဖွဲ့တောင့်တယ်။ ထောင်ဝန်ထမ်းတွေကိုလည်း အကျဉ်းသားတွေထံက အနိုင်ကျင့်ပြီး ငွေရှာပေးနေတော့၊ ထောင်ပိုင်ကိုယ်တိုင်က သူ့ကို ဖူးဖူးမှုတ်ထားတာ” လို့ ပြောပါတယ်။
သာယာဝတီထောင်အနီးမှာ နေထိုင်သူတယောက်က “မနေ့ (ဇူလိုင် ၅ ရက်) က နေ့လယ် ၂ နာရီ လောက်က ထောင်ထဲမှာ ဆူပူမှုဖြစ်တယ်ကြားလို့ ထောင်နားကို သွားနားထောင်တာ၊ ထောင်ထဲမှာ ဆန္ဒပြနေတဲ့ အသံတွေ ကြားရတယ်။ ဝန်ထမ်းတွေကတော့ တုတ်တွေကိုင်ပြီး ထောင်ထဲ ပြေးဝင်သွားကြတယ်။ နောက်တော့ ဝန်ထမ်းမိန်းမတယောက်ကို မေးကြည့်တော့မှ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်လူမိုက်တွေက ဝိုင်းရိုက်နေလို့ တခြားနိုင်ကျဉ်းတွေက အော်ပြီး ဆန္ဒပြကြတယ်ဆိုတာ သိရတာ” လို့ DVB ကို ပြောပါတယ်။
ရိုက်တဲ့ လူမိုက်အကျဉ်းသားက စိုးမင်း ဖြစ်ပြီး ပြီးခဲ့တဲ့ ၂ လကျော်လောက်ကလည်း အင်းစိန်ထောင်ကနေ ထောင်ပြောင်းရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဝိုင်းရိုက်တဲ့ အထဲမှာ ဦးဆောင်သူတယောက် ဖြစ်တယ်လို့ မကြာခင်ကလွတ်လာတဲ့ အကျဉ်းသားတယောက်က ပြောပါတယ်။
လက်ရှိမှာတော့ သူ့ကို ထောင်အာဏာပိုင်တွေက အကျဉ်းထောင် စည်းကမ်းထိန်းသိမ်းရေးရာထူး ပေးပြီး အကျဉ်းသားဝန်ထမ်းအဖြစ် ခန့်အပ်ထားတယ်လို့ ဆိုပါတယ်။
အရိုက်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား နာမည်နဲ့ ကျန်းမာရေးအခြေအနေတွေကို မေးမြန်းဖို့အတွက် သာယာဝတီထောင်ကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။