
ပဲခူးတိုင်း သာယာဝတီထောင်မှာ တသက်တကျွန်းနဲ့ နှစ် ၄၀ အထက် ထောင်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ဧပြီ ၁၇ ရက်က ထုတ်ပြန်ခဲ့တဲ့ လျှော့ပေါ့ပြစ်ဒဏ်တွေ မရကြဘူးလို့ ထောင်တွင်း နီးစပ်သူတွေဆီက သိရပါတယ်။
စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်ရဲ့ ဧပြီ ၁၇ ရက် နှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်း ထုတ်ပြန်ချက် ထဲမှာ ထောင်ဒဏ် တသက်ချခံရသူတွေကို ထောင်ဒဏ် နှစ် ၄၀ ပြောင်းပြီး ထောင်ဒဏ် နှစ် ၄၀ အထက် ကျခံနေရသူတွေကို ထောင်ဒဏ် နှစ် ၄၀ ကို ပြောင်းလဲကျခံစေဖို့ ထုတ်ပြန်ထားတာပါ။
ဒါပေမဲ့ လက်တွေ့မှာတော့ သာယာဝတီထောင်ထဲက ထောက်ဒဏ် တသက်နဲ့ နှစ် ၄၀ အထက် ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားအများစုဟာ အဲ့ဒီ လွတ်ငြိမ်းခွင့်ကို မရရှိခဲ့ကြဘူးလို့ ဆိုပါတယ်။
သာယာဝတီအကျဉ်းထောင်နဲ့ နီးစပ်သူတစ်ယောက်က “စစ်တပ်ကနေ အသွင်ပြောင်းထားတဲ့ အစိုးရဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကို အကြိမ်ကြိမ် ချိုးဖောက်နေပါတယ်။ ထောင်ဒဏ် တသက်နဲ့ နှစ် ၄၀ အထက် ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားအများစုက လွတ်ငြိမ်းချမ်းသာခွင့် မရရှိခဲ့ကြပါဘူး။ ဒါ့အပြင် မတ်လ ၂ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တုန်းကလည်း တန်းတူညီမျှမှု မရှိတဲ့ လုပ်ရပ်တွေကြောင့် နိုင်ငံရေးအကျဉ်းသားအများစုက လွတ်ငြိမ်းခွင့် မရဘဲ ကျန်ရစ်ခဲ့ကြပါတယ်" လို့ DVB ကို ပြောပါတယ်။
မတ်လ ၂ ရက်နေ့ တောင်သူလယ်သမားနေ့ လွတ်ငြိမ်းသက်သာခွင့်မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) နဲ့ ၅၂(က) အရ ပြစ်မှုကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသား ၇,၃၃၇ ယောက်ကို ပြစ်ဒဏ်လျှော့ပေါ့ကာ လွတ်ငြိမ်း ပေးလိုက်ပြီး အဲဒီအမှုတွေနဲ့ တရားစွဲဆိုခံရကာ ထွက်ပြေးတိမ်းရှောင်နေသူ ၁၂,၄၈၇ ယောက်ရဲ့ အမှုပေါင်း ၉,၅၃၂ မှုကို ပိတ်သိမ်းပေးခဲ့ပါတယ်။
ဒါပေမဲ့ လက်တွေ့မှာ ပုဒ်မ ၅၀ (ည)၊ ၅၀ (က) တို့နဲ့ မတရား တရားစွဲဆို အကျဉ်းချခံထားရသူတွေ များစွာ မလွတ်မြောက်ဘဲ ကျန်ရှိနေဆဲဖြစ်ပါတယ်။
ဧပြီ ၁၀ ရက်မှာ အစိုးရသဖွယ် အသွင်ပြောင်းခဲ့တဲ့ စစ်အာဏာရှင်အစိုးရ ထုတ်ပြန်ခဲ့တဲ့ အမိန့်တွေနဲ့ ထုတ်ပြန်ချက်တွေအားလုံးကို သာယာဝတီအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါတယ်လို့ သတင်းစကားလည်း ပါးခဲ့ကြပါတယ်။
မြတ်သဇင်











