
တိုင်ဖွန်းမုန်တိုင်း ဒါးနက်စ်ဟာ ဇူလိုင် ၆ ရက် ဒေသစံတော်ချိန် ညသန်းခေါင်လောက်မှာ ထိုင်ဝမ်ကျွန်း ချီအားယီမြို့နယ်ကနေ ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့တာကြောင့် ကျွန်းတလျှောက် လမ်းတွေပျက်စီးပြီး လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။
တိုင်ဖွန်းဒါးနက်စ်ဟာ အခုနှစ်အတွက် စတုတ္ထမြောက် တိုင်ဖွန်းဖြစ်ပြီး ထိုင်ဝမ်ကျွန်းမကြီးပေါ် ပထမဆုံး ဆိုက်ရောက်တဲ့ မုန်တိုင်းလည်း ဖြစ်တယ်လို့ တရုတ် မိုးလေဝသ အာဏာပိုင်တွေက ပြောပါတယ်။
မုန်တိုင်းရဲ့ အပြင်းထန်ဆုံးသော သက်ရောက်မှုတွေကို ဇူလိုင် ၆ ရက် ညကနေ ၇ ရက် မနက်အထိ ခံစားခဲ့ရပြီး မုန်တိုင်းလမ်းကြောင်းတလျှောက် မိုးသက်လေပြင်းတွေ ကျရောက်ခဲ့ပါတယ်။
ဒါးနက်စ်မုန်တိုင်းဟာ ထိုင်ဝမ်ဆီ ချဉ်းကပ်ပြီး အရှေ့ဘက်ကနေ အနောက်ဘက်ဆီ ရွေ့လျားတဲ့ အရင်တုန်းက တိုင်ဖွန်းမုန်တိုင်းတွေနဲ့ မတူဘဲ ကျွန်းရဲ့အနောက်တောင်ဘက်ကနေ ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့ပြီး အရှေ့မြောက်ဘက်ဆီ ရွေ့လျားသွားခဲ့တာပါ။ ဒါကြောင့် ဒေသအနှံ့ ပိုများတဲ့ ဧရိယာတွေကို သတိပေးချက် တိုးချဲ့ထုတ်ပြန်ခဲ့ရပါတယ်။
တိုင်ဖွန်းမုန်တိုင်းကြောင့် အဝေးပြေးလမ်းတွေေလျှောက် ရွှံ့မြေတွေ ပြိုကျခဲ့ပါတယ်။ ရေကြီးမှုကြောင့် ထိုင်ဝမ်တောင်ပိုင်း ပင်တန်ခရိုင်က လမ်းအများအပြား ပြတ်တောက်ခဲ့ပါတယ်။ ကောင်းရှုံမြို့မှာ ဇူလိုင် ၆ ရက်ညက လျှပ်စစ်မီး ပြတ်တောက်ခဲ့ပြီး အိမ်ခြေ ၃၀,၀၀၀ ကျော် ထိခိုက်ခဲ့ပါတယ်။
တိုင်ဖွန်းမုန်တိုင်းရဲ့ လေပြင်းတွေ တိုက်ခတ်လို့ တိုင်နန်မြို့မှာ ပျက်စီးဆုံးရှုံးတာတွေ ဖြစ်ခဲ့ပါတယ်။
သစ်ကိုင်းတွေ၊ ဆိုင်းဘုတ်တွေ ပြုတ်ကျလို့ လမ်းသွားလမ်းလာတွေ ထိခိုက်ဒဏ်ရာရခဲ့ပြီး ဆိုင်အပြင်ဘက်မှန်တွေ ကွဲအက်သွားခဲ့ပါတယ်။ လူနေရပ်ကွက်ထဲက လျှပ်စစ်ဝါယာကြိုးတွေ မီးလောင်ပေါက်ကွဲပြီး အဆောက်အအုံနံရံတွေ ပြိုကျပျက်စီးခဲ့ပါတယ်။
ထိုင်ဝမ်က မြို့ကြီးတွေနဲ့ ခရိုင် စုစုပေါင်း ၁၃ ခုမှာ ဇူလိုင် ၇ ရက် ဒီနေ့မှာ အလုပ်နဲ့ ကျောင်းတွေကို ဆိုင်းငံ့ထားခဲ့ပြီး မြန်နှုန်းမြင့်ရထား ပြေးဆွဲမှု အကြိမ်ရေ သိသိသာသာ လျော့ကျသွားပါတယ်။
ဒါးနက်စ် တိုင်ဖွန်းမုန်တိုင်းဟာ ကုန်းတွင်းပိုင်းကို မဝင်မီ မိုးသက်လေပြင်းတိုက်ခဲ့လို့ ဆိပ်ကမ်းအများအပြားမှာ လုပ်ငန်းတွေ ရပ်တန့်ခဲ့ပါတယ်။
Source: Reuters