၇ ဇူလိုင် အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ်နဲ့ မဟာမိတ်အင်အားစုတွေ ဦးဆောင်ကာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ လူစည်ကားရာ နေရာတွေနဲ့ မြန်မာကောင်စစ်ဝန်ရုံးအရှေ့မှာ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
ချင်းမိုင်မြို့က မြန်မာကောင်စစ်ဝန်ရုံးအရှေ့မှာ ဇူလိုင် ၆ ရက် နေ့လယ် ၂ နာရီဝန်းကျင်လောက်က ၇ ဇူလိုင် ၆၃ နှစ်မြောက် လှုပ်ရှားမှုအဖြစ် “Long Live Students Revolution” “ကျောင်းသားထုတော်လှန်ရေး တည်တံ့ပါစေ” ဆိုတဲ့ ဘန်နာ ချိတ်ဆွဲကာ လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ချင်းမိုင်တက္ကသိုလ်၊ အန်ကော ရေကန်ဘေးနဲ့ MAYA စျေးဝယ်စင်တာရှေ့မှာ “Long Live Students Solidarity (Thai-Burma Students)” “ထိုင်းနဲ့ ဗမာကျောင်းသားတွေအကြား သွေးစည်းညီညွတ်မှု အဓွန့်ရှည်ပါစေ” ဆိုတဲ့ စာတန်းနဲ့ “Stands with Burma Students Democracy” ဗမာပြည်ကျောင်းသား၏ ဒီမိုကရေစီ လှုပ်ရှားမှုကို ဝန်းရံပေးပါ စတဲ့ စာတန်းတွေ ကိုင်ပြီး လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့တာပါ။
၁၉၆၂ ခုနှစ်၊ ဇူလိုင် ၇ ရက်ဟာ တရားမျှတမှုနဲ့ အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ တော်လှန်ခဲ့ကြတဲ့ ကျောင်းသားတွေကို စစ်အာဏာရှင်က ရက်စက်စွာ ဖိနှိပ်သတ်ဖြတ်ခဲ့ပြီး သမိုင်းဝင် ရန်ကုန်တက္ကသိုလ်သမဂ္ဂ (တကသ) အဆောက်အအုံကို မိုင်းခွဲဖျက်ဆီးခဲ့တဲ့ သမိုင်းဝင်နေ့ ဖြစ်ပါတယ်။
Photo: ကောင်းကောင်း