DVB Logo
Home
မြန်မာသတင်း
အမြွှာဆင်ကလေး ကျော်ပုလဲသေဆုံး
DVB
·
July 6, 2025
အမြွှာဆင်ကလေး ကျော်ပုလဲသေဆုံး
1 / 10
Donate to DVB

မိခင်ဆင်မကြီးကခလုတ်တိုက်မိလို့ ခါးအောက်ပိုင်းချိနဲ့သွားတဲ့ အမြွှာဆင်ကလေး ကျော်ပုလဲဟာ ဇူလိုင် ၆ ရက် ဒီမနက်က သေဆုံးသွားပြီလို့ ဝင်္ဂဘော်ဆင်စခန်းဆီက သိရပါတယ်။

“အများပြည်သူတို့ စိုးရိမ်နေခဲ့သလိုဘဲ ၆.၇.၂၀၂၅ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်မှာ ကျော်ပုလဲလေး သေဆုံးသွားပါတယ်။ သူ့ရဲ့ အသက်မဲ့ခန္ဓာကိုယ်လေးအား ခွဲစိတ်စစ်ဆေးခဲ့ရာမှာလည်း ကျောရိုး၊ မြီးခုံရိုးဆစ်များ လွဲဟနေပြီး ကျောရိုးမကြီး၏ နာဗ်ကြောကိုဖိမိထားသဖြင့် နောက်ပိုင်းသေခဲ့ရကြောင်း တွေ့ရှိရပါတယ်။ ဆင်လေးကျော်ပုလဲအား ယနေ့နံနက်ပိုင်းတွင် ကောင်းမွန်စွာ ‌မြေမြှုပ်သင်္ဂြိုဟ်ပြီးစီးပြီ ဖြစ်ပါသည်။ ကျော်ပုလဲလေးကို ဆင်စခန်းအတွင်း အမှတ်တရအုတ်ဂူလေးတည်ဆောက်ပြီး ထားရှိဖို့လည်း စီစဉ်ထားရှိပါတယ်” လို့ ဆင်စခန်းက ထုတ်ပြန်ပါတယ်။

အသက် ၁၀ လအရွယ် ကျော်ပုလဲဟာ ပြီးခဲ့တဲ့မေလ ၃ ရက်မှာ မိခင်ဆင်မကြီးက အိပ်နေတာက လန့်ပြီးထလိုက်ချိန် ခလုတ်တိုက်မိတာဖြစ်ပြီး ထိခိုက်ပွန်းပဲ့ခဲ့သလို ကျောရိုးမကြီးနဲ့ မြီးခုံရိုးထိခိုက်လို့ လမ်းမလျှောက်နိုင်ဖြစ်ခဲ့တာပါ။

ကျော်ပုလဲ စတင်ထိခိုက်ခဲ့ရပုံကိုလည်း ဆင်စခန်းက “၃.၅.၂၀၂၅ရက် နေ့ညသန်းခေါင်ယံကျော်မှာ ဆင်ကလေးအော်သံ၊ ခွေးဟောင်သံတွေကြားလို့ ဆင်စခန်းမှ အနီးကပ်ပြုစုစောင့်ရှောက်ပေးနေသော ဆင်ဆရာဝန်၊ ဆင်ထိန်းနှင့် ဆင်စခန်းရှိ အခြားဆင်ထိန်းများမှ ဆင်လေးအား အပြေးအလွှား သွားကြည့်ခဲ့ကြပါတယ်။ ခွေးများရုတ်တရက်ဟောင်တဲ့အတွက် မေမေဆင်မကြီးဟာ အိပ်နေရင်း ကလေးတွေကို ကာကွယ်လိုစိတ်ဖြင့် ရုတ်တရက် နောက်ခြေအားယူထလိုက်ရာ မေမေ့နားအိပ်ပျော်နေတဲ့ ကျော်ပုလဲလေးရဲ ကျောနှင့် တင်ပါးဆုံပိုင်းကို မေမေ့ရဲခြေထောက်နဲ့ ပြင်းပြင်းထန်ထန် ထိခိုက်မိခဲ့ပါတယ်။  စဖြစ်ကာစ အနည်းငယ်သာရောင်ရမ်းပြီး နောက်ရက်အနည်းငယ်အတွင်း ကျော်ပုလဲလေး နောက်ပိုင်းမလှုပ်နိုင်ဘဲ ဒုက္ခိတဖြစ်ရရှာပါတော့တယ်” လို့ ဖော်ပြထားပါတယ်။

ကျောရိုးဆစ်ဟသွားလို့ အာရုံကြောမကြီး ထိခိုက်သွားတာကြောင့် အချိန်ယူကုသရမှာဖြစ်ပြီး အရေပြားကွာတဲ့အနာတွေကိုတော့ ကုသလို့ သက်သာလာသလို မိခင်နို့သောက်စို့တာ အကြိမ်ရေများပေမယ့် အစာစားတာနည်းလို့ နို့မှုန့်ကိုလည်းတိုက်ကျွေးနေရပြီး ရှိနေသေးတဲ့ ပွန်းပဲ့ဒဏ်ရာတွေကြောင့် အဖျားမရှိဖို့ ဂရုစိုက်ပေးနေတယ်လို့ ဇူလိုင် ၃ ရက်မှာ စခန်းရဲ့ ဖေ့စ်ဘွတ်ခ်ကနေ ရေးသားဖော်ပြခဲ့ပါတယ်။

ဆင်အမြွှာလေးကျော်ပုလဲကို ဆင်ဆရာဝန်တွေက အရိုးအဆစ်ဆေး၊ အာရုံကြောဆေး၊ ပဋိဇီဝဆေးဝါးတွေနဲ့ အား‌ဆေးတွေအလှည့်ကျထိုးနှံပေးသလို ပွန်းပဲ့အနာဒဏ်ရာတွေကိုလည်း တနေ့ ၂ ကြိမ် ဖန်ဆေး၊ ဆေးထည့်ကုသပေးခဲ့ပြီး လမ်းလျှောက်ဖို့အတွက် ဘီးတပ်လှည်းတခုကိုလည်း စီစဉ်ပေးခဲ့ပါတယ်။

ဆင်ဆရာဝန်တယောက်ကတော့ ခံနိုင်ရည်ရှိလာတဲ့အချိန်မှာ ကျောရိုးခွဲစိတ်ပြီး ပိနေတဲ့ အာရုံကြောကိုဖယ်ရှားမှ ပြန်လှုပ်ရှားနိုင်မယ်လို့ ယူဆပေမယ့် အသက်ငယ်လွန်းတာကြောင့် ခွဲစိတ်ဖို့ မသင့်တော်သေးဘူးလို့ ဆိုပါတယ်။

သစ်ပင်နဲ့ရိုက်မိတာ စတာတွေကြောင့် paralyzed (လေဖြတ်ချိနဲ့)သွားတဲ့ ဆင်ကြီးတွေဟာ နာကျင်တာ၊ အာဟာရချို့တဲ့လာတာနဲ့ အနာအဆာပေါ်ပေါက်လာတာတွေကြောင့် ၁ လလောက် အကြာမှာ သေဆုံးသွားတတ်တယ်လို့ ဆိုပါတယ်။

သစ်ထုတ်လုပ်ရေးဌာနရဲ့ မှတ်တမ်းတွေအရ ၁၉၇၆ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ ဆင်အမြွှာမွေးတာ ၁၂ ကြိမ်ရှိခဲ့ပြီး ကျော်ပုလဲကို ၂၀၂၄ ခုနှစ် ဩဂုတ် ၂၆ ရက်နေ့မှာ မိခင် ဆင်မကြီး ပုလဲစန္ဒာ က အမြွှာအမ ပုလဲဆင့်နဲ့အတူ မွေးဖွားခဲ့တာပါ။

ဝင်္ဂဘော်ဆင်စခန်းမှာ ဆင်ကြီး ၁၀ ကောင်နဲ့ အမိမဲ့ဆင်လေး ၈ ကောင်အပါအဝင် ဆင်လေး ၁၀ ကောင် ရှိပါတယ်။

Photo : ဝင်္ဂဘော် ဆင်စခန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013