DVB Logo
Home
မြန်မာသတင်း
ရန်ကုန်နှင့် မိုင် ၄၀ အကွာမှ ဝင်္ဂဘော် ဆင်စခန်း လာရောက်သူ ပိုများလာ
DVB
·
March 16, 2017
ရန်ကုန်နှင့် မိုင် ၄၀ အကွာမှ ဝင်္ဂဘော် ဆင်စခန်း လာရောက်သူ ပိုများလာ
1 / 7
Donate to DVB

ရန်ကုန်နဲ့ အနီးဆုံးမှာ ရှိတဲ့ ဝင်္ဂဘော် ဆင်စခန်းကို လာရောက်သူတွေ တဖြည်းဖြည်း ပိုများလာ နေပါတယ်။

ဖွင့်လှစ်တာ လပိုင်းပဲရှိသေးပေမယ့် ရန်ကုန်နဲ့ မိုင် ၄၀ အကွာမှာပဲ ရှိတာနဲ့ မိဘမဲ့ဆင်ကလေးတွေ ထိန်းသိမ်းထားတာကို ကြည့်ရှုနိုင်တာကြောင့်လည်း လူစိတ်ဝင်စားတာကို ခံနေရတာပါ။

ရန်ကုန်က လာလည်တဲ့ ကိုဖြိုးဝေဝင်းက “၁၀၅ မိုင်စခန်းနဲ့ ဘာကွာလည်းဆိုတော့ ဒီမှာက ဆင်ကလေးတွေကို ထိန်းသိမ်းတာပေါ့။ ဆင်စီးသွားရတာကို ဒါထက်ပိုပြီး စိတ်ဝင်စားစရာ ကောင်းအောင် လုပ်ပေးစေချင်တယ်။ နိုင်ငံခြားသားတွေကို ဆွဲဆောင်နိုင်အောင်လည်း လုပ်စေချင် တယ်” လို့ ပြောပါတယ်။

မနက်ဘက် ဆင်တင်းကုပ်သန့်ရှင်းရေးကစပြီး ဆင်တွေရေချိုးတာ၊ အစာစားတာ စတာတွေကို အနီးကပ် လေ့လာနိုင်မှာလည်း ဖြစ်ပါတယ်။ ဒီစခန်းကို မိဘမဲ့ဆင်ကလေးတွေ၊ သက်ကြီးဆင်တွေကို ပြုစုစောင့်ရှောက်ဖို့ ရည်ရွယ်ဖွင့်လှစ်ထားတာပါ။

ပဲခူးတိုင်းဒေသကြီးအရှေ့က လက်ထောက်မန်နေဂျာ (ဆင်ဆေးကု) ဒေါက်တာ ကျော်စိုးက “အမိမဲ့ ဆင် ၃ ကောင်ရှိပါတယ်။ မေရီ၊ ဧရာမေနဲ့ ယုယုဌေးပါ။ သူတို့ သုံးကောင်လုံးကို နို့မှုန့်တိုက်ကျွေးရ ပါတယ်။ အကြီးမ ယုယုဌေးကိုတော့ နို့မှုန့်အပြင် ထမင်းနဲ့ ထန်းလျက်ရောကျွေးရပါတယ်။ စခန်းမှာ ဝန်တင်ဆင်က ၆ ကောင်၊ ဆင်ကလေး ၇ ကောင်ရှိပါတယ်” လို့ ပြောပါတယ်။

ဝင်္ဂဘော်ဆင် စခန်းကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာ စဖွင့်ခဲ့ပြီး လောလောဆယ်မှာတော့ မနက် ၇ နာရီကနေ ည ၆ နာရီအထိ နေလို့ရ ပါတယ်။ နောက်ဆိုရင် ညအိပ်နားနေနိုင်အောင်လည်း စီစဉ်နေပြီး စခန်းမှာ ထမင်းစားမယ်ဆိုရင်တော့ တစ်ရက်ကြိုမှာဖို့ လိုပါတယ်။

ဝင်္ဂဘော်ဆင်စခန်းရဲ့ တွဲဘက်စခန်းတာဝန်ခံ ဦးတင့်ဇော်ဦးက “ စနေ၊ တနင်္ဂနွေဆိုရင် ၂ ရက်ပေါင်း လူ လေးငါးခြောက်ရာလောက်ဝင်ပါတယ်။ တခြားနေ့တွေဆိုရင်တော့ တစ်ရက်ကို ၇၀၊ ၈၀ လောက်ဝင်ပါတယ်။ ခုနောက်ပိုင်းကတော့ လူဝင် ပိုများလာပါတယ်။ သီးသန့်နားဖို့ ဝါး ဘန်ဂလိုလေးတွေ ထပ်ဆောက်ဖို့လည်း စီစဉ်နေပါတယ်” လို့ ပြောပါတယ်။

စခန်းကို အမြန်လမ်းက လာမယ်ဆိုရင် ၃၉ မိုင် ၂ ဖာလုံကနေ အတွင်းဘက်ကို တစ်မိုင်လောက်ပဲ ဝင်ရပါတယ်။ လမ်းဟောင်းဘက်ကဆိုရင်တော့ ဘုရားကြီးကနေ ၄ မိုင်လောက် ဆက်သွားရမှာပါ။

ဝင်္ဂဘော်စခန်းကို ကြိုတင်ဆက်သွယ်မယ်ဆိုရင် ဖုန်း - ၀၉ ၄၃၁ ၂၁ ၆၄၇၊ ၀၉ ၇၇၈၁ ၃၂ ၃၆၀၊ ၀၉ ၂၅၀ ၂၀ ၉၀ ၈၀၊ ၀၉ ၂၆၀ ၂၂၂ ၅၁၇ ကို ဆက်သွယ်နိုင်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ဆင်အထူးပြု သဘာဝနယ်မြေ ၆ ခု သတ်မှတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ရန်ကုန်နှင့် မိုင် ၄၀ အကွာမှ ဝင်္ဂဘော် ဆင်စခန်း လာရောက်သူ ပိုများလာ