
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးနားကို စစ်တပ်က ဇူလိုင် ၆ ရက် ဒီမနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ရေနံချက်ဖိုအဆောက်အအုံအားလုံးနဲ့ ဆီပေပါတွေ မီးလောင်သွားပါတယ်။
တံတားဦးလေတပ်က တက်လာတဲ့ ဂျက်တိုက်လေယာဉ် ၁ စင်းက မနက် ၆ နာရီခွဲလောက်မှာ ဗုံး ၂ လုံးကြဲပြီး ရွာအနောက်ရေနံချက်ဖိုပေါ်ကို ကျတာလို့ သိရပါတယ်။
ဒေသခံတယောက်က “မနက်ခင်း ၆ နာရီ ၃၃ မိနစ်က တလုံး၊ ၆ နာရီ ၃၆ မိနစ်က တလုံး စုစုပေါင်း ၂ လုံး ကြဲချသွားတာဗျ။ ကြဲချသွားတဲ့နေရာက ကိုမင်းမင်းရဲ့ ရေနံချက်ဖိုကို ကြဲချသွားတာပါ။ အဲဒီလို ကြဲချသွားလို့ ရေနံဆီစိမ်းပေပါတွေ၊ ရေနံချက်ပြီးသား ဒီဇယ်ပေပါတွေ၊ ပရီမီယမ်ပေပါ စုစုပေါင်း ပေပါ ၃၀၀ ကျော်နဲ့ အိမ်စီးကား ၂ စီး၊ အဆောက်ဦအားလုံး ပျက်စီးဆုံးရှုံးသွားတယ်ဗျ။ လူထိခိုက်သေဆုံးမှုကတော့ ဘာမှမသိရသေးဘူး” လို့ ပြောပါတယ်။
ကျွန်းလှမြို့နယ်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာအပြင် မြေပြင်ကပါ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့လည်း သိရပါတယ်။
ကျွန်းလှမြို့နယ်ပအဖ တာဝန်ရှိသူတယောက်က “စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို ဘာပြောချင်လဲ ဆိုတော့ ဒါ သူတို့ရဲ့လုပ်ရိုးလုပ်စဉ်ကြီးကို ဖြစ်နေပါပြီဗျာ။ သူတို့က လေယာဉ်နဲ့ ပစ်ခတ်တာအပြင် ဇူလိုင် ၅ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ်၊ အလယ်ခုံရွာကနေ စစ်ကောင်စီတပ် အင်အား ၃၀ ခန့်နဲ့ လွင်ကြီးရွာဘက်ကို စစ်ကြောင်းထိုးပြီး ပြည်သူပိုင်နေအိမ်တွေကို အကြမ်းဖက် မီးရှို့ဖျက်ဆီးနေလို့ ရွာသားတွေ နေရပ်စွန့်ခွာနေကြရတယ်။ စစ်တပ်က ကြွက်မနိုင်ရင် ကျီကိုမီးနဲ့ရှို့ ဆိုတဲ့စကားအတိုင်းပဲ။ စစ်တပ် လုပ်တဲ့အရာတိုင်းကို ဘာမှကို မပြောချင်တော့ဘူး။ ပြည်သူတွေအနေနဲ့ စစ်တပ်နဲ့ဝေးရာနေပြီး လေကြောင်းရန်ကို အထူးဂရုပြုနေထိုင်ကြဖို့ပဲ အလေးထား ပြောချင်ပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီဟာ ဇူလိုင် ၄ ရက်နေ့မှာ ကျွန်းလှမြို့နယ်နားက ကန့်ဘလူမြို့နယ်တောင်ခြမ်း၊ သီရိမွန်ရွာနဲ့ နှောပင်ပြန့်ရွာကိုလည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။