
မန္တလေးတိုင်း မြင်းခြံခရိုင် မြို့သာ-ငါန်းဇွန်သွား ကားလမ်းမတနေရာမှာ ဇူလိုင် ၃ ရက်က စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့ပြီး စစ်သားအယောက် ၃၀ ကျော်သေဆုံးခဲ့သလို သုံ့ပန်းတွေလည်း ဖမ်းမိတယ်လို့ တော်လှန်ရေးတပ်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ မြို့သာမြို့ဘက်ကနေ ဆီမီးခုံမြို့ဘက်ကို လက်နက် ရိက္ခာပို့ဖို့သွားရာကနေ ဒေသခံ တော်လှန်ရေးတပ်ပေါင်းစုအဖွဲ့နဲ့ ထိပ်တိုက်တွေ့ပြီး အခုလို တိုက်ပွဲဖြစ်ပွားရတာပါ။
ဒေသခံတယောက်က “တိုက်ပွဲက မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်ခြံမြို့နယ်နဲ့ ငါန်းဇွန်မြို့နယ်အစပ် တနေရာမှာ ဖြစ်ကြတာဗျ။ နေ့ခင်း ၁၁ နာရီခွဲချိန်ခန့်မှာ ထိတွေ့ပစ်ခတ်မှုရပ်သွားတယ်။ စစ်တပ်ဘက်က အကျဆုံးများတယ်လို့တော့ သိထားရတယ်။ အသေးစိတ်တော့ ဘာမှမသိဘူး၊ တိုက်ပွဲဖြစ်တာပဲသိတာ” လို့ ပြောပါတယ်။
မြို့သာဘက်ကနေ လက်နက်ရိက္ခာတင်ဆောင်လာတဲ့ စစ်ကောင်စီတပ်က ကား ၅ စီးအပါအဝင် စစ်သားအင်အား ၂၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတာကို တိုက်ခိုက်ခဲ့တာလို့ မြင်းခြံခရိုင်တပ်ရင်၇ Zero ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ကိုသက်ကြီးက ပြောပါတယ်။
“ဒီစစ်ကြောင်းကို ကျနော်တို့ တိုက်ဖို့ စောင့်နေတာ ၄ ရက်အထိ ရှိနေပြီဗျ။ ဒီနေ့မှ တိုက်ပွဲကဖြစ်တာ။ သူတို့ အခုလို ထွက်လာမယ်ဆိုတာကိုသိလို့ တော်လှန်ရေးအဖွဲ့စုံ သူတို့ သတ်မှတ်နေရာကနေ စောင့်တိုက်ခိုက်ဖို့ စောင့်နေတတွေလည်းရှိတယ်ဗျ။ အခုဟာက ကျနော်တို့စောင့်နေတဲ့ နေရာအရောက်မှာ တိုက်ပွဲစဖြစ်တာလေ။ တိုက်ပွဲကြာချိန်က ၂ နာရီကြာတယ်။ ရန်သူဘက်က ရိက္ခာတင်စစ်ကား ၂ စီး ကျနော်တို့ဘက်က ရလိုက်တယ်။ လက်နက်တင်ထားတဲ့ ကား ၃ စီးက မြို့သာဘက် ပြန်မောင်းပြေးသွားတာ” လို့ ပြောပါတယ်။
ရိက္ခာလက်နက်တင်ဆောင်လာတဲ့ စစ်ကားတွေဟာ မြို့သာကနေ ဆီးမီးခုံ၊ ဆုံရွာ၊ ငါန်းမြှာကြီးရွာ စတဲ့ စစ်တပ်အထိုင်ချကျေးရွာတွေနဲ့ စစ်တပ်ထောက်ခံတဲ့ပျူရွာတွေကို ရိက္ခာပို့ဖို့ စစ်ကြောင်းနဲ့ ထွက်လာတာလို့ သိရပါတယ်။
တိုက်ပွဲဦးဆောင်တိုက်ခဲ့သူ Zero ပြောက်ကျားတပ်ဖွဲ့က ရဲဘော်တာတီးဖိုက်နဲ့ ရဲဘော်မဲကြီးတို့က “စစ်တပ်ဘက်က စစ်ကြောင်းပျက်သွားတာလို့တောင် ပြောလို့ရတယ်။ အခြားအဖွဲ့တွေလည်း သူနေရာကနေ တိုက်ကြတာရှိတယ်။ ကျနော်တို့နေရာဖြစ်တဲ့တိုက်ပွဲကတော့ အတော်ကို ပြင်းထန်တယ်။ စစ်သားတွေအလောင်းတွေလည်း ၃၀ ကျော်မယ်ဗျ။ လက်နက်တွေလည်း ရတယ်။ တိုက်ပွဲဖြစ်နေစဉ်အတွင်းမှာလည်း အရှင်ဖမ်းမိတဲ့သုံ့ပန်းတွေလည်းရှိတယ်။ အခုညနေပိုင်း တိုက်ပွဲဖြစ်ရာအနီး နယ်မြေရှင်းလင်းရေးလုပ်တော့လည်း စစ်သားအရှင် ၃ ကောင် ထပ်ဖမ်းမိတယ်။ အသေးစိတ်ကို MOD တင်ပြပြီး ထပ်မံသတင်းပြောပေးပါမယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ မြင်းခြံခရိုင်တပ်ရင်း ၇ Zero ပြောက်ကျားတပ်ဖွဲ့၊ မန္တလေးခရိုင်တပ်ရင်း ၅ တို့ ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ပွဲမှာ ဒေသတွင်း ပကဖမဟာမိတ်တပ်ရင်းတွေ၊ LPDF တွေ စတဲ့ တော်လှန်ရေးအင်အားစုတွေကပါ ပစ်ကူတိုက်ခိုက်ပေးခဲ့တယ်လို့ သိရပါတယ်။