
စစ်ကောင်စီတပ်က ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ် တုံးတောကျေးရွာ စစ်ဘေးရှောင် ၄ ယောက်ကို ဇူလိုင် ၂ ရက်ညနေက AA တပ်ဖွဲ့ဝင်တွေဆိုပြီး စွပ်စွဲဖမ်းဆီးသွားတယ်လို့ အဖမ်းခံရသူတွေနဲ့နီးစပ်သူက ပြောပါတယ်။
“အဖမ်းခံရသူတွေက စစ်ရှောင်တွေပါ။ စစ်ကောင်စီတပ်က AA တပ်ဖွဲ့ဝင်တွေလို့ဆိုပြီး ဖမ်းထားတာ။ အုပ်ချုပ်ရေးမှူး က ဒေသခံ အရပ်သားဆိုတာ သိပါတယ်။ ကိုမျိုးဆိုတဲ့သူ အပါအဝင် ၄ ယောက်အဖမ်းခံရတာ။”
အဖမ်းခံရတဲ့ စစ်ဘေးရှောင် ၄ ယောက်ဟာ အသက် ၂၇ နှစ်အရွယ် ၁ ယောက်အပါအဝင် အမျိုးသား ၃ ယောက် နဲ့ အမျိုးသမီး တယောက်ဖြစ်ပြီး သူတို့ကို စစ်ကောင်စီတပ်က ဘယ်မှာ ဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “AA တပ်သားတွေဆိုပြီး ဖမ်းတာ မှန်တယ်။ အဖမ်းခံရသူတွေက သူ့အိမ်တွေမှာ လိုအပ်တာတွေ သွားယူပြီး ပြန်လာတဲ့အချိန် အဖမ်းခံရတာလို့ သိရတယ်။ လေးမျက်နှာက စခန်းတခုမှာ ထားတယ်လို့ပဲ သိရတယ်” လို့ ပြောပါတယ်။
လေးမျက်နှာ၊ ငါးသိုင်းချောင်း၊ ရေကြည်၊ သာပေါင်းအပါအဝင် ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ အရပ်သားဒေသခံတွေကို စစ်ကောင်စီရဲနဲ့ ထောက်လှမ်းရေးတွေက အထူးစောင့်ကြည့်စစ်ဆေး ဖမ်းဆီးနေတယ်လို့ တပ်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။
ဒါ့အပြင် လက်ရှိ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ ငါးသိုင်းချောင်း အမြောက်တပ် ၃၄၄ နဲ့ ပတ်ဝန်းကျင်မှာ ထိတွေ့တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။