ထိုင်း- မြန်မာနယ်စပ်အနီး၊ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် စစ်ကောင်စီတပ်ရဲ့ ဥကရစ်ထ စခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်ပြီး တော်လှန်ရေးတပ်ပေါင်းစုတွေက ဒရုန်းဗုံးတွေနဲ့ စတင်တိုက်ခိုက်နေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
စစ်ကောင်စီရဲ့ ထီးကပလယ်စခန်း ကို KNU ဦးဆောင်ပြီး တော်လှန်ရေးတပ်ပေါင်းစုတွေက ဇွန် ၂၂ ရက် ညနေပိုင်းလောက်က အပြီးသတ် သိမ်းပိုက်ပြီးနောက် ဆက်လက်ပြီး ဥကရစ်ထစခန်းကို ဝိုင်းဝန်းပိတ်ဆို့ထားရာက ဒရုန်းတွေနဲ့ စတင်တိုက်ခိုက်နေတာကြောင့် ဝေါလေဗျူဟာကနေ လက်နက်ကြီးပစ်ကူတွေ ပေးနေတယ်လို့ ဆိုပါတယ်။
ရှေ့တန်းသတင်းရင်းမြစ်က “လက်ရှိအခြေအနေကတော့ စစ်ပမ်းအောင် ဒရုန်းတွေနဲ့ကြဲနေတယ်။ မနေ့က ရဲစခန်းက တဖွဲ့ကတော့ ထိုင်းဘက်ထွက်ပြေးသွားပြီ။ ဒီမနက် ဝေါလေဗျူဟာကနေ လက်နက်ကြီးပစ်ကူပေးတယ်။ အလုံးကြီးကတော့ ဒီမနက် ၉ နာရီလောက်က စလှော်တယ်”လို့ ပြောပါတယ်။
ထိုင်း-မြန်မာ နယ်စပ်တလျှောက်က စစ်ကောင်စီတပ်စခန်းတွေကို KNU ဦးဆောင်တဲ့ တပ်ပေါင်းစုတွေ က တိုက်ခိုက်သိမ်းပိုက်နေပါတယ်။
ဇွန် ၂၂ ရက်က ထီးကပလယ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စခန်းစွန့်ခွာပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့ပြီး တိုက်ပွဲအတွင်း လက်နက်ခဲယမ်းအများအပြားနဲ့အတူ ဆက်စပ်ပစ္စည်းတွေကိုပါ သိမ်းဆည်းရမိခဲ့ပါတယ်။
မေ ၂၃ ရက် ညနေ ၅ နာရီက စစ်ကောင်စီရဲ့ ဘလယ်ဒိုတပ် စခန်းကိုပါ သိမ်းယူနိုင်ခဲ့ပြီး မေ ၂၈ ရက်နေ့ ညပိုင်းက ကနဲလေးစခန်းကို ထပ်မံ သိမ်းယူနိုင်ခဲ့ပါတယ်။
ဒါ့အပြင် မေ ၂၉ ရက် ညနေ ၆ နာရီလောက်က ဝေါ်လေဗျူဟာနဲ့အနီးဆုံးမှာရှိတဲ့ ဘုရင့်နောင်ကုန်း စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဇွန် ၃ ရက် ည ၇ နာရီလောက်မှာ သေ့ဘောဘိုး စခန်းကို တော်လှန်ရေးတပ်တွေက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။