ကရင်နီ (ကယား)ပြည်နယ် တနေရာက မြို့သိမ်းတိုက်ပွဲမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း အမှတ် ၈ က ဒုရင်းမှူး အပါအဝင် ၃ ယောက် ကျဆုံးခဲ့တယ်လို့ တပ်ရင်းက ဇူလိုင် ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒုရင်းမှူး ဝိစတန်၊ တပ်ခွဲ ၁ တပ်စိတ်မှူး ဇော်ဝမ်းနဲ့ စတီးဖင်းတို့က စစ်ကောင်စီတပ်နဲ့ အပြန်အလှန် ပစ်ခတ်ရင်းက ဇွန် ၂၆ ရက်မှာ ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ရှေ့တန်းရဲဘော်တယောက်က “တိုက်ပွဲတွေကတော့ ဆက်တိုက်ပြင်းထန်နေပါတယ်။ နှစ်ဖက် အထိအခိုက်တွေလည်း ရှိတယ်။ စစ်ရေးသတင်းတွေကတော့ တပ်ရင်းက ထုတ်ပြန်သွားပါလိမ့်မယ်” လို့ ပြောပါတယ်။
ဒုရင်းမှူး ဝိစတန်က ၂၀၂၁ ခုနှစ် နှစ်ဝက်လောက်က KNDF အမှတ် ၈ ရဲ့ အခြေခံစစ်သင်တန်းဆင်းသူ ဖြစ်ပြီး တပ်သားကနေ စိပ်မှူး၊ စုမှူး၊ ခွဲမှူးအဖြစ် တဆင့်ပြီးတဆင့် ကြိုးစားလာခဲ့ကာ ၂၀၂၄ ခုနှစ် ဧပြီ ၄ ရက်မှာ ဒုရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာပါ။
စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ကြသူတွေရဲ့ မိသားစုနဲ့အတူ ထပ်တူဝမ်းနည်းရပြီး အာဇာနည်သူရဲကောင်းအဖြစ်လည်း သတ်မှတ်ကာ စစ်အာဏာရှင် အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ကို တော်လှန်ရင်းနဲ့ ကျဆုံးခဲ့ရတဲ့ ရဲဘော် တပ်ဖွဲ့ဝင် ၄၂ ယောက်အထိ ရှိတယ်လို့ တိုးတက်သော ကရင်နီပြည်အင်အားစု PKPF က ဇူလိုင် ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။