
ထိုင်းနိုင်ငံ၊ ရနောင်းမြို့ လဝကအချုပ်ရုံးမှာ ပြစ်ဒဏ်ကျခံရတဲ့ မြန်မာနိုင်ငံသား ၉၈ ယောက်ကို ဇွန် ၃၀ ရက် နေ့လယ် ၁၁ နာရီခွဲခန့်က မြန်မာနိုင်ငံဘက်ကို ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်ထားပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရတဲ့ မြန်မာနိုင်ငံသား ၉၈ ယောက်ကို ရနောင်းမြို့၊ ပန်နားရပ်ကွက်ရှိ စူလ်ကာကော် လှေဆိပ်ကနေတဆင့် ကော့သောင်းမြို့လှေဆိပ်ကို ထိုင်း-မြန်မာ နှစ်နိုင်ငံ တာဝန်ရှိသူတွေက လွှဲပြောင်းပို့ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခု ဇွန် ၃၀ ရက်က နေရပ်ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသား ၉၈ ယောက်ထဲမှာ အများစုဟာ အမျိုးသားတွေ ဖြစ်ကြပြီး ကျား၊ မ အရေအတွက်ကို အတိအကျ ဖော်ပြထားခြင်း မရှိဘူးလို့ ကော့သောင်းမြို့ခံ အမျိုးသမီးတယောက်က ပြောပါတယ်။
“ဒီတခေါက်ဆိုရင် တပတ်အတွင်း နှစ်ကြိမ်တောင် ပို့လိုက်တာပါ။ ဟိုဘက်က စစ်သားစုတာ ပို့တာလည်း သိတယ်။ လမ်းမှာ ပြေးကြတာလည်း သိတယ်။ လူဦးရေနဲ့ နေရာတွေသာ အတိအကျ မသိရတာပါ။”
ဇွန်လ နောက်ဆုံးအပတ်အတွင်းမှာ ပြစ်ဒဏ်ကျ မြန်မာတွေကို နှစ်ကြိမ်တိုင် ပို့ဆောင်ခဲ့ကာ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက် နေ့လယ် ၁၁ နာရီခွဲက ထိုင်းမှာ ပြစ်ဒဏ်ကျခံရတဲ့ မြန်မာနိုင်ငံသားတွေဖြစ်တဲ့ အမျိုးသား ၁၀၄ ယောက်နဲ့ အမျိုးသမီး ၂၇ ယောက် စုစုပေါင်း ၁၃၁ ယောက်ကို နေရပ်ပြန်ပို့ပြီး နောက် ၅ ရက်အကြာမှာ ဒုတိယအကြိမ် ထပ်မံပို့ဆောင်လိုက်တာ ဖြစ်ပါတယ်။
အဆိုပါ ၁၃၁ ယောက်ထဲမှာ အသက် ၁၈ နှစ်နဲ့ ၃၅ ကြား အမျိုးသားတွေကို စစ်မှုထမ်း စုဆောင်းရေးထဲ ခေါ်ဆောင်သွားပြီး အမျိုးသမီးတွေကတော့ လွတ်မြောက်လာတယ်လို့ ကော့သောင်းမြို့ခံတွေဆီက သိရပေမဲ့ DVB ဘက်က ထပ်မံအတည်ပြုနိုင်ဖို့ စုံစမ်းနေပါတယ်။
အခုလို နေရပ်ပြန်ပို့ခံရပြီး စစ်မှုထမ်းစုဆောင်းခံရတဲ့သူတွေဟာ ကော့သောင်းမြို့နယ် ခြောက်မိုင်ကျေးရွာ အခြေစိုက် ခလရ ၂၆၂ တပ်ရင်းထဲ ထိန်းသိမ်းခံရတာဖြစ်ပြီး တပ်ရင်းကနေ ထွက်ပြေးလွတ်မြောက်လာတဲ့သူတွေလည်း အများအပြားရှိနေတယ်လို့ တော်လှန်ရေး တပ်ဖွဲ့တွေဆီက သိရပါတယ်။