
ပဲခူးတိုင်း၊ ဝေါမြို့နယ်မှာ ကျပ်သိန်း ၁၃,၅၀၀ ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွမူးယစ် ဆေးတွေ ဖမ်းမိတယ်လို့ မူးယစ်ဆေးထိန်းချုပ်ရေးဗဟိုအဖွဲ့က ဇွန် ၂၉ ရက်ညမှာ ထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ဇွန် ၂၄ ရက် မနက် ၅ နာရီအချိန်က ဝေါမြို့နယ်၊ ညောင်ခါးရှည်ရွာနားမှာ ရန်ကုန်ကနေ ထားဝယ်ကို ဟိန်းလတ် မောင်းနှင်ပြီး နေလင်းထိုက်(ခ)မဲကြီးနဲ့ ကောင်းစုညီ(ခ)စည်သူတို့ လိုက်ပါလာတဲ့ Nissan ၆ ဘီးကားကို သတင်းအရ ရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။
ကားပေါ်ကနေ စိတ်ကြွရူးသွပ်ဆေးပြား ၉ သိန်း (ဒေသကာလပေါက်ဈေး ကျပ်သိန်း ၁၃,၅၀၀) ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ဆေးပြားတွေကို ရန်ကုန်ကတဆင့် ထားဝယ်ကို သယ်ဆောင်ရောင်းဝယ်တာလို့ သိရတာကြောင့် သူတို့ ၃ ယောက်ကို အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကိုလည်း ဆက်လက် ဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။
ပုံမှန်ဆိုရင်တော့ မူးယစ်ဆေးအများအပြားဖမ်းမိတယ်ဆိုရင် ကွင်းဆက်တွေကိုစုံစမ်း ဖော်ထုတ်ပြီး ဖမ်းမိမှ သတင်းကို ထုတ်ပြန်လေ့ရှိတာဖြစ်ပါတယ်။