DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် ဇွန်ဒုတိယပတ်အတွင်း မြန်မာအယောက် ၁၀၀ ကျော် ဖမ်းဆီးခံထားရ
DVB
·
June 29, 2025
မဲဆောက်တွင် ဇွန်ဒုတိယပတ်အတွင်း မြန်မာအယောက် ၁၀၀ ကျော် ဖမ်းဆီးခံထားရ
Donate to DVB

ထိုင်းနိုင်ငံ၊ မဲဆောက်မှာ အထောက်အထားမစုံတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေကို စီမံချက်နဲ့ လိုက်လံ စစ်ဆေးဖမ်းဆီးနေပြီး ဇွန်လဒုတိယပတ်အတွင်း မြန်မာ အယောက် ၁၀၀ ကျော် ဖမ်းဆီးခံထားရပါတယ်။

ထိုင်းနိုင်ငံ နေရာအနှံ့မှာရှိတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားတွေ၊ နိုင်ငံခြားသား လုပ်ကိုင်ခွင့် မပြုတဲ့ လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြသူတွေကို  ထိုင်းအာဏာပိုင်တွေက ဇွန်လ ပထမပတ်ကစလို့ စီမံချက်နဲ့ လိုက်လံစစ်ဆေး ဖမ်းဆီးနေတာပါ။

အထူးသဖြင့် မြန်မာတွေအများဆုံးရှိတဲ့ မဲဆောက်အပါအဝင် စမွတ်စခွန်၊ မဟာချိုင်၊ ရနောင်း စတဲ့ နေရာတွေမှာ တရားမဝင်နယ်စပ်ဖြတ်ကျော်သူတွေသာမက ကန့်သတ်ထားတဲ့ အလုပ် လုပ်ကိုင်နေသူတွေ၊ အထောက်အထားမစုံသူတွေကို နေအိမ်တွေအထိ လိုက်လံ ဖမ်းဆီးနေတာ ဖြစ်ပါတယ်။

မဲဆောက်မှာဆိုရင်လည်း ဇွန်လဒုတိယပတ်အတွင်း အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးခံရတဲ့ မြန်မာအရေအတွက် အယောက် ၁၀၀ ကျော် ရှိနေပြီး၊ လက်ရှိအချိန်ထိ ပြန်မလွတ်သေးဘူးလို့ အလုပ်သမားအရေး လှုပ်ရှားသူတွေဆီကနေ သိရပါတယ်။

မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက “ဇွန်လ ၁၅ ရက်ကနေ အခုချိန်ထိ မြန်မာ ၁၀၀ ကျော်လောက် ဖမ်းဆီးခံထားရပြီး ပြန်မလွတ်သေးဘူးလို့ ကြားသိရတယ်။ ဧည့်စာရင်းဆိုတာလည်း အခု ဖမ်းဆီးသူတွေမှာ အချိန်မရွေးခေါင်းစဉ်တပ်ပြီး ဖမ်းလိုက်လို့ရတဲ့ အနေအထားဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ လူတွေမှာ စာရွက်စာတမ်း အထောက်အထား အပြည့်အစုံရှိတယ်ဆိုရင်လည်း မြို့နယ်ကျော်၊ ခရိုင်ကျော်လာရင် ဧည့်စာရင်း မတိုင်ထားဘူးဆိုတဲ့အကြောင်းပြချက်နဲ့ ဒဏ်ရိုက်လို့ရတဲ့ အနေအထားမျိုးဖြစ်နေတယ်။ အဲဒါကြောင့်မို့ နေရာတိုင်းမှာ လှုပ်လှုပ်သဲသဲ ဖြစ်နေတယ်။ ဒါတွေအားလုံးကလည်း ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်း၊ ပြီးတော့ ကမ္ဘောဒီးယားနဲ့ နယ်စပ်ပြဿနာ၊ အခြားသော နိုင်ငံရေးဆိုင်ရာ ပြဿနာတွေ အကုန်လုံးပေါင်းရုံးပြီးတော့ ထိုင်းထိုင်းချင်း မျက်နှာချင်းမဆိုင်လိုတဲ့အခါ နိုင်ငံခြားသားတွေအပေါ် အထူးသဖြင့် ရွှေ့ပြောင်းအလုပ်သမားတွေအပေါ်မှာ မြေနိမ့်ရာ လှန်စိုက်တယ်လို့ ကျနော်တို့က သဘောပေါက်ပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းကစလို့ ထိုင်းနိုင်ငံတွင်းမှာ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့နဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသတွေမှာ လုံခြုံရေးတင်းကျပ်ပြီး၊ စစ်ဆေးဖမ်းဆီးတာတွေကို စီမံချက်နဲ့ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

ထိုင်းမှာ နိုင်ငံခြားသားတွေကို လုပ်ကိုင်ခွင့်မပြုတဲ့ လုပ်ငန်းပေါင်း ၂၇ မျိုး ရှိပြီး၊ အဲဒီလုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေကို ၂၀၂၅ ခုနှစ်မှာ စီမံချက်နဲ့ ဖမ်းဆီးတာတွေ ဆက်တိုက် ရှိလာတာပါ။

မဲဆောက်မြို့မှာလည်း ဇွန်လတလလုံး အဖမ်းအဆီးကြမ်းနေတာကြောင့် စားသောက်ဆိုင် အများစု ပိတ်ထားရပြီး ထမင်းကို မှောင်ခိုဝယ်စားနေရတယ်လို့မဲဆောက်မှာနေထိုင်တဲ့ မြန်မာ တယောက်က ပြောပါတယ်။

“အခုဆိုရင် မိတ်ဆွေတယောက်ရဲ့ ကိုယ့်တွေ့အရ အချုပ်ထဲမှာ သူ့သူငယ်ချင်းအဖမ်းခံရလို့ သွားကြည့်တာ အချုပ်ထဲမှာ လူတွေအများကြီး တွေ့ခဲ့ရတယ်။ အယောက် ၅၀ လောက် တွေ့ခဲ့ရတယ် ပြောတယ်။ ဒါကြောင့် အခု မြန်မာတွေက အပြင်လည်းမထွက်ရဲဘူး။ ဈေးလည်း မဝယ်ရဲဘူး။ ဆိုင်တွေဆိုရင်လည်း ပုံမှန် ထမင်းဆိုင်တွေကအစ လုံးဝ တိတ်တိတ်လေးပဲ ရောင်းနေရတယ်။ ထမင်းတောင် မှောင်ခိုရောင်းနေရတာ ဖြစ်တယ်။ ပုံမှန် ထမင်းမှာစားနေကျသူတွေလည်း လာမစားဘဲ အိမ်ကနေပဲ မှာစားကြတယ်။ အထောက်အထား မရှိသူပဲဖြစ်ဖြစ်၊ ဒါမှ မဟုတ် ရဲကတ်သမားတွေပဲ ဖြစ်ဖြစ် သူတို့တွေဆိုရင် ဒီရက်ပိုင်းအတွင်း အိမ်ထဲကအိမ်အပြင် မထွက်ရဲဘူး။ အဓိကတော့ မြန်မာတွေကို အဓိကထား ဖမ်းဆီးနေတယ်။ အထောက်အထား မရှိတဲ့သူတွေကိုလည်း အဓိက ထား ဖမ်းဆီးတာမျိုးတွေ ရှိပါတယ်”

ဇွန် ၂၉ ရက် ဒီနေ့မှာလည်း ထိုင်းဝန်ကြီးချုပ်နုတ်ထွက်ဖို့ ထိုင်းလူမျိုးတွေဆန္ဒပြခဲ့ကြတဲ့ ဘန်ကောက်မြို့လယ်တဝိုက်မှာ သွားလာခဲ့တဲ့ မြန်မာနိုင်ငံသား ၇ ယောက်နဲ့ ကမ္ဘာဒီးယား နိုင်ငံသား ၁ ယောက်တို့ စစ်ဆေးမေးမြန်း ဖမ်းဆီးခံခဲ့ရပါတယ်၊။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013