
ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးဟာ လူငယ်တွေကို စစ်မှုထမ်းခိုင်းဖို့ အိမ်နဲ့ လက်ဖက်ရည်ဆိုင်တွေထဲအထိ သေနတ်ပြ ခြိမ်းခြောက်ခေါ်ယူနေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဟာ လက်နတ်ကိုင်အဖွဲ့တွေနဲ့အတူ ရပ်ကွက်အတွင်းလှည့်နေပြီး လူငယ်တွေကို ရှာဖွေဖမ်းဆီးနေတာလို့ ဆိုပါတယ်။
မြဝတီမြို့ အမှတ် ၄ ရပ်ကွက်မှာ နေထိုင်သူတယောက်က “သူတို့ဖမ်းဆီးနေတာ မြို့ခံတွေတော့ မဟုတ်ဘူး။ နယ်က အလုပ်လာလုပ်နေတဲ့သူတွေကိုဖမ်းတာ။ ဇွန်လမှာပိုဆိုးနေတာ။ အဖမ်းခံထားရတာ အနည်းဆုံးမရှိဘူးဆိုရင် အယောက် ၃၀ လောက်ရှိနေပြီ။ တချို့ အနောက်က လိုက်ထုတ်ပေးနိုင်တဲ့သူရှိရင်တော့ ပြန်လွှတ်ပေးတယ်။ ဖမ်းဆီးခံရတဲ့သူတွေကို ရပ်ကွက်ရုံးမှာကြာကြာမထားဘူး။ စစ်တပ်လက်ထဲကိုအပ်တာ။ အမှတ် ၄ ရပ်ကွက်ရုံးမှာက အချုပ်ခန်းပုံစံရှိတယ်။ ဇွန်လ ၄ ရက်နေ့က ၁၀ ယောက်ကို မြဝတီမြို့ ၂၇၅ တပ်ကို ပို့လိုက်တယ်။ ညတိုင်းလိုလို ရပ်ကွက်ထဲ ပတ်ဖမ်းနေတာ၊ ဧည့်စာရင်း အဓိကအကြောင်းပြတာပေါ့။ ဇွန်လ တလထဲမှာကို အနည်းဆုံးအယောက် ၃၀ အထက်ရှိမယ် စစ်တပ်ထဲပို့တာ” လို့ ပြောပါတယ်။
မြဝတီမြို့က ရပ်ကွက်တခုမှာ အိမ်ခြေထောင်ကျော်ရှိပြီးကျယ်ဝန်းတာကြောင့် ရပ်ကွက်တခုမှာ ပေါ်တာဆွဲ ဧည့်စာရင်းရင်းစစ်တပ်ရင် နောက်ရပ်ကွက်တခုက သိဖို့ခက်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းအတွက်လူခေါ်တဲ့အခါ မြို့ခံတွေကိုခေါ်လေ့မရှိဘဲ နယ်ကနေ အလုပ်လာလုပ်သူတွေ၊ အကြောင်းအမျိုးမျိုးကြောင့် မြဝတီမြို့ကိုရောက်လာသူတွေကို လိုက်ရှာပြီးဖမ်းတယ်လို့လည်း မြို့ခံတွေက ဆိုပါတယ်။
မြဝတီမြို့ဟာ ထိုင်းနိုင်ငံနဲ့ သောင်းရင်းမြစ်ပဲခြားတဲ့ နယ်စပ်ဒေသဖြစ်လို့ လူနေထူထပ်ပြီး ခရီးသွားအများအပြား ဝင်ရောက်နားခိုတတ်တာကြောင့် ဖမ်းဆီးပေါ်တာဆွဲဖို့ အဆင်ပြေနေတာလို့လည်း ဆိုပါတယ်။