
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ နယ်မြေတချို့ကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ စစ်ရေးအခြေအနေကို သိရှိသူတွေက ပြောပါတယ်။
ကျောက်ဖြူ အမှတ် ၃၂ ရဲတပ်ရင်းနားက ပြိုင်းစေ့ကေ့ကျေးရွာနဲ့ ကပ်သပြေကျေးရွာတို့ကို စစ်ကောင်စီက ဒရုန်း၊ လက်နက်ကြီးတို့နဲ့ပစ်ကူပေးပြီး မြေပြင်ကလည်း ကြည်းတပ်နဲ့ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။
စစ်ရေးအခြေအနေကိုသိသူတယောက်က “ကျောက်ဖြူ အခြေအနေက ရှုပ်ထွေးမှုရှိတယ်ဗျာ။ ထိုးစစ်ကတော့ သူထိုးလိုက် ကိုယ်ထိုးလိုက်ပဲ။ AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို စစ်ကောင်စီက ဒီရက်ပိုင်းမှာ ပြန်ပြီးတော့ တန်ပြန်ထိုးစစ်တိုက်ခိုက်လာတာတွေရှိတယ်။ အထူးသဖြင့် ပြိုင်းစေ့ကေရွာနဲ့ ကပ်သပြေရွာဘက်က စစ်ကောင်စီက ဒရုန်းနဲ့ ရေတပ်သင်္ဘောတွေက ပစ်ကူပေးပြီးတော့ မြေပြင်စစ်ကြောင်းတွေ ပြန်ထိုးလာတာရှိတယ်။ စစ်ရေးအခြေအနေက ပြင်းထန်နေပြီးတော့ ရှေ့တိုးနောက်ဆုတ်လိုဖြစ်နေကြတယ်” လို့ပြောပါတယ်။
စစ်ကောင်စီက ကျောက်ဖြူမြို့အခြေစိုက် တပ်ရင်းတွေကို ဇွန်လအတွင်းမှာ ရေကြောင်းကနေတဆင့် အင်အားထောင်နဲ့ချီပို့ဆောင်ထားပြီး တိုက်ပွဲပြင်းထန်နေတဲ့ အမှတ် ၃၂ ရဲတပ်ရင်းနဲ့ ဓညဝတီရေတပ်ဌာနချုပ်တို့ဆီကို အဓိကပို့ထားတာလို့ သိရပါတယ်။
AA က လက်ရှိမှာ အမှတ် ၃၂ ရဲတပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း အဆင့်မြင့်ဒရုန်းတွေနဲ့ တိုက်ခိုက်လာနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။
ကျောက်ဖြူမြို့ပေါ်မှာ စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားပြီး မြို့ပေါ်မှာလည်း စားနပ်ရိက္ခာ ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကျောက်ဖြူမြို့ခံအမျိုးသမီးတယောက်က ပြောပါတယ်။
“ကျောက်ဖြူမှာကတော့ တိုက်ပွဲတွေပြင်းထန်လာတဲ့ မေလကတည်းက စစ်ကောင်စီက မြို့တွင်းလုံခြုံရေးကို အတော်လေးကို တင်းကျပ်ထားတာ။ မြို့အဝင်၊ အထွက် လုံးဝ လုပ်လို့မရတော့ဘူး။ မြို့တွင်းမှာ စားသောက်ကုန်တွေကလည်း ပြတ်တောက်လုနီးပါးပဲ။ ကုန်ဈေးတွေကလည်း မြင့်တက်နေတယ်” လို့ပြောပါတယ်။
ကျောက်ဖြူမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ဗိုလ်မှူးချုပ်အဆင့်အပါအဝင် ဗျူဟာမှူးနဲ့ အရာရှိတချို့သေဆုံးခဲ့ပြီး ဒုတိယဗိုလ်မှူးကြီးအပါအဝင် စစ်ကောင်စီတပ်သား အများအပြားကိုလည်း AA က ဖမ်းဆီးရမိထားပါတယ်။