Home
မြန်မာသတင်း
ဧရာဝတီတိုင်း၌ လူငယ်များကို စစ်မှုထမ်းခိုင်းရန် အဓမ္မဖမ်းဆီး၊ စစ်မှုထမ်းထောက်ပံ့ကြေး တိုးကောက်
DVB
·
June 28, 2025
စစ်တပ်၊ ရဲ နဲ့ မိးသတ်တို့ အိမ်တွေဝင် ဧည့်စာရင်းစစ်နေပုံ

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့မှာ သီတင်းတပတ်အတွင်း လူငယ် ၁၀ ယောက်ကျော်ကို အဓမ္မစစ်မှုထမ်းခိုင်းဖို့ စစ်ကောင်စီလက်အောက်ခံ တပ်နဲ့ ရဲတွေက အိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

တညကို လူငယ် ၂ ယောက် ၃ ယောက် အိမ်ထဲဝင် အဖမ်းခံရပြီး အောင်ဆန်းရပ်ကွက်နဲ့ ပင်လုံရပ်ကွက်က လူငယ်အများဆုံး ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

ကျုံပျော်မြို့ခံတယောက်က “ညတိုင်း ဝင်ဆွဲတာ၊ ခု ၇ ရက် တပတ်အတွင်း ၁၀ ယောက်ကျော်သွားပြီ။ ဇွန် ၂၆ ရက် ညကတော့ ၃ ယောက်ပါသွားတယ်။ ခုက အရင်လို စစ်မှုထမ်းဖို့ အလှည့်ကျခေါ်ယူတာတောင် မဟုတ်တော့ဘူး၊ ပေါ်တာဆွဲသလို လူငယ်တွေရှိတဲ့ အိမ်တွေကို သတင်းထောက်လှမ်းပြီး စစ်တပ်နဲ့ ရဲက ဝင်ဆွဲတာ” လို့ ပြောပါတယ်။

ကျုံပျော်မြို့နယ်ထဲက ကျေးရွာတွေမှာလည်း မြို့ပေါ်မှာလို ဝင်ဖမ်းဆီးတာတွေရှိတယ်၊ မြို့နဲ့အလှမ်းဝေးတဲ့ နေရာတွေကျတော့ မသိရဘူး၊ လက်ရှိမှာ စစ်သားသစ်တယောက်ရဲ့ ပေါက်စျေးက ကျပ်သိန်း ၁၀၀ ဖြစ်နေတာကြောင့် ရဲနဲ့ စစ်သားတွေက လူမှောင်ခိုကူးသလို လူငယ်ရှိတဲ့ နေရာတွေကို သူတို့မွေးထားတဲ့ သတင်းပေးတွေကနေတဆင့် သတင်းထောက်လှမ်းပြီး ညအချိန်မတော် ဝင်ရောက်ဖမ်းဆီးနေတာလို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက အုပ်ချုပ်ရေးမှူးတွေဆီကနေ ပိုက်ဆံအမြောက်အမြား ယူပြီး စစ်မှုထမ်းအတွက် လူငယ်တွေကို သူတို့ကိုယ်တိုင် ပေါ်တာဆွဲသလို ဆွဲပေးနေတာကြောင့် မြို့နယ်ထဲမှာရှိတဲ့ လူငယ်တွေ စစ်မှုထမ်းရှောင်ဖို့ နယ်စပ်တွေကို သွားရောက် ရှောင်တိမ်းနေကြရပါတယ်။

စားဝတ်နေရေး အဆင်မပြေလို့ မြို့နယ်အသီးသီးကနေ ပင်လယ်ပိုင်းတွေကို ကျားဖောင်ရေလုပ်ငန်း လာရောက်လုပ်ကိုင်သူတွေကိုပါ စျေးပေါပေါနဲ့ ဝယ်ယူပြီး စစ်မှုထမ်းထဲ ထည့်ယူနေကြတယ်လို့ ကျုံပျော်ဒေသခံတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်း ၊ကျုံပျော်မြို့နယ် ၊အထောင်မြို့မှာအုပ်ချုပ်ရေးမှူးက လသားအရွယ်ကလေးရဲ့ ဖခင်ကိုလိမ်လည်ခေါ်ဆောင်ကာ စစ်မှူထမ်းဖို့ထည့်လိုက်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ကျုံပျော်မြို့နယ်၊ အထောင်မြို့အမှတ် (၄) ရပ်ကွက်မှာတော့ စစ်ကောင်စီခန့်အ အုပ်ချုပ်ရေးမှူးသန်းထွန်းနဲ့ ရာအိမ်မှူးကုလားတို့က ဇွန် ၁၇ ရက်မှာ အင်ဖျားကျေးရွာက မောင်ဟန်လင်းစိုးကို အရေးပေါ်ကိစ္စပြောဖို့ရှိတယ်ဆိုပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လိမ်လည်ခေါ်ယူဖမ်းချုပ်ကာ စစ်မှူထမ်းထဲ ထည့်လိုက်တာလို့ ဆိုပါတယ်။

ဖြစ်စဥ်ကို သိရှိတဲ့ ဒေသခံတယောက်က “တပ်ကို အပို့ခံရတော့မှ စစ်မှူထမ်းဖို့ လိမ်ခေါ်ခံရတာကိုသိရတာ။ မဲနှိုက်ထားတာလည်း မဟုတ်သလို ဆင့်ခေါ်စာနဲ့ ခေါ်တာလည်း မဟုတ်ပါဘူး။ လိမ်ခေါ် စစ်မှုထမ်းအထည့်ခံရတဲ့ကောင်းလေးက လသားနဲ့ ၂ နှစ်အရွယ်ကလေးတွေရှိတယ်”လို့ ပြောပါတယ်။

စစ်မှုထမ်းဖို့ လိမ်လည်ခေါ်ဆောင်ခံရတဲ့အမျိုးသားကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ ပြည်သူ့စစ်တွေက ကျုံပျော်အခြေစိုက် ခလရ အမှတ် ၃၆ တပ်ရင်းကို ဇွန် ၁၇ ရက် ညနေပိုင်းမှာ ပို့ထား ပါတယ်။

ကျုံပျော်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက “စစ်မှုထမ်း အမှတ်စဥ် ၁၅ အတွက်ခေါ်တာဖြစ်လိမ့်မယ်။ တပ်ထဲရောက်လို့ ရောင်းစားချင်လည်းပြန်ရောင်းချတာ။ သူတို့လုပ်ချင်သလို လုပ်နေကြတာ။ အခုလို ဥပဒေနဲ့ မညီစစ်မှုထမ်းခေါ်တာတွေကြောင့် စစ်မှုထမ်း လူငယ်တွေပြေးကြတာ။ အုပ်ချုပ်ရေးမှူးက ရပ်ကွက်ရုံးကို ခဏလာဖို့ လိမ်လည်ခေါ်ပြီး စစ်မှုထမ်းဖို့ ဖမ်းခေါ်ခံရတဲ့ မောင်ဟန်လင်းစိုးဟာ လသားနဲ့ ၂ နှစ်အရွယ် ကလေး ၂ ယောက်နဲ့ အမျိုးသမီးကို လုပ်ကိုင်ကျွေးနေသူ ဖြစ်တဲ့အပြင် အသက်ကြီးပြီဖြစ်တဲ့ မိဘ နှစ်ပါးကိုလည်း လုပ်ကျွေးနေရသူဖြစ်တယ်လို့ဆိုပါတယ်။

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး သန်းထွန်းရဲ့ အပိုင်မှာအိမ်ခြေ ၉၀၀ ဝန်းကျင်အထိရှိပြီး လစဥ်စစ်မှုထမ်း ထောက်ပံ့ကြေးကောက်ယူနေပေမဲ့ စစ်မှုထမ်း မိသားစုတွေကို မထောက်ပံ့ပေးဘူးလို့ ဆိုပါတယ်။

အိမ်မဲမြို့နယ်မှာလည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့က စစ်မှုထမ်းထောက်ပံ့ကြေး ဆိုပြီးတအိမ်ကို ကျပ် ၅၀,၀၀၀ ထပ်မံတိုးမြှင်ကောက်ခံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အိမ်မဲမြို့နယ်၊ လူကောင်းကျွန်းကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူး ဦးပြုံးချို၊ ရာအိမ်မှူး ဦးအေးဆွေနဲ့ ဆယ်အိမ်မှူး ဦးအေးမြင့်တို့က စစ်မှုထမ်းနေတဲ့သူတွေကိုထောက် ပံ့ပေးဖို့အတွက် အထက်က ညွန်ကြားလာလို့ဆိုကာ အရင်တအိမ်ကို ကျပ် ၁၀,၀၀၀ ကောက်ယူနေရာမှာ ဇွန် ၂၅ ရက်က စတင်လို့ တအိမ်ကိုငွေကျပ် ၅၀,၀၀၀ နှုန်းနဲ့ တိုးမြှင့်ကောက်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။

လူကောင်းကျွန်းကျေးရွာသား တယောက်က ''မဖြစ်မနေကို ထည့်ခိုင်းနေတာ ထောက်ပံ့ကြေး ဆိုပြီး ကောက်တာပဲ။ အဲ့ဒီအုပ်ချုပ်ရေးမှူးက ရွာကပြည်သူတွေကို စိတ်ဒုက္ခအမျိုးမျိုးပေးနေတာ။ အခုတော့ငွေထပ်တိုးကောက်ပြန်ပြီး။ ကောက်တဲ့ငွေပေးမလား၊ အခုအသုတ်မှာ စစ်မှုထမ်းမလားလို့ပြောပြီးငွေကောက်နေတာ''လို့ ပြောပါတယ်။

လူကောင်းကျွန်းကျေးရွာအုပ်စုမှာ အိမ်ခြေ ၈၀၀ ဝန်းကျင်အထိရှိပြီး အိမ်မှာ စစ်မှုထမ်းအရွယ်မရှိတဲ့မိသားစတွေ၊ သက်ကြီး ရွယ်အိုတွေနဲ့ မုဆိုးမအိမ်တွေပါအုပ်ချုပ်ရေးမှူးက ငွေကောက်နေတာလို့ ဆိုပါတယ်။

အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ''အနုကြမ်းစီးတာက သက်သာဦးမယ်။ အုပ်ကြီးက စစ်မှုမထမ်းချင်ရင်ထည့်လို့ပြောကောက်တာ။ မင်းတို့အားကိုးတဲ့ PDF တွေ ဧရာဝတီတိုင်းမှာ မရှိတော့ဘူးသေကုန်ပြီ စစ်မှုထမ်းကြေးကောင်းကောင်းထည့်ကြလို့ ပြောတာ”လို့ ပြောပါတယ်။

ဒါ့အပြင် အိမ်မဲမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေး မှူးတွေက စစ်မှုထမ်းကိစ္စနဲ့ ပတ်သက်လို့ ပုံစံ အမျိုးမျိုးနဲ့ ဖိအားပေး ငွေညစ်နေတာတွေရှိပြီး ၁ ရက်ဝင်ငွေ ကျပ် ၅,၀၀၀ လောက်သာ ရတဲ့ တနေ့လုပ်တနေ့စား အခြေခံမိသား စုတွေအဖို့ အခက် အခဲနဲ့ဆိုင်ဆိုင်နေရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024