
ကော့သောင်းမြို့ရဲ့ အနောက်တောင်ဘက် ပင်လယ်ပြင်ထဲမှာ ဇွန် ၂၇ ရက် ညပိုင်းက အင်အား ၅ အဆင့်ရှိတဲ့ ငလျင်တခုထပ်လှုပ်တယ်လို့ စစ်ကောင်စီဩဇာခံ မိုးလေဝသဌာနကထုတ်ပြန်ပြီး အဲဒီနေရာမှာ ဆက်တိုက်ဆိုသလို ငလျင်တွေ လှုပ်ခတ်နေတာပါ။
ဇွန် ၂၇ ရက် ည ၉ နာရီ ၂၈ မိနစ်အချိန်မှာ ကမ္ဘာအေးမြေငလျင်စခန်းရဲ့ အနောက်တောင်ဘက် ၅၃၈ မိုင်လောက်၊ ကော့သောင်းမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၃၅၀ ဝန်းကျင်၊ မြန်မာနိုင်ငံပြည်ပ အိန္ဒိယနိုင်ငံပိုင် နီကိုဘားကျွန်းနားမှာ အနက် ၁၀ ကီလိုမီတာလောက်ကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၅ အဆင့် ငလျင်တခုလှုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဇွန် ၂၅ ရက်နေ့၊ ညနေ ၄ နာရီ ၂၉ မိနစ်ကလည်း အဲဒီနေရာဝန်းကျင်မှာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၄ ဒသမ ၈ အဆင့်ရှိတဲ့ ငလျင်တကြိမ်၊ ဇွန်လ၂၄ ရက်နေ့ ညနေ ၄ နာရီ ၄၇ မိနစ်က အနက် ၁၀ ကီလိုမီတာလောက်ကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၄ ဒသမ ၇ အဆင့်နဲ့ တကြိမ်၊ ည ၇ နာရီ ၄၂ မိနစ်က အနက် ၁၀ ကီလိုမီတာလောက်ကိုဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၅ အဆင့်ရှိတဲ့ ငလျင်တကြိမ်လှုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။