DVB Logo
Home
မြန်မာသတင်း
စမတ်ကတ် မပြပါက ပင်စင်ထုတ်မပေးဆိုသည့် အမိန့်ကြောင့် သက်ကြီးပင်စင်စားများ ဒုက္ခရောက်
DVB
·
June 28, 2025
စမတ်ကတ် မပြပါက ပင်စင်ထုတ်မပေးဆိုသည့် အမိန့်ကြောင့် သက်ကြီးပင်စင်စားများ ဒုက္ခရောက်
Donate to DVB

စစ်ကောင်စီက အငြိမ်းစား ပင်စင်စားတွေကို UID ကတ် QR မပြရင် ပင်စင်ထုတ်မပေးရ ဆိုတဲ့ အမိန့်ကို ဇွန် ၂၃ ရက်က ထုတ်လိုက်တာကြောင့် သက်ကြီးပင်စင်စားတချို့ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

ဒီလို အမိန့်ထုတ်လိုက်တာကြောင့် ပင်စင်စား သက်ကြီးရွယ်အိုတွေ၊ လေဖြတ်နေသူတွေ၊ ကျန်းမာရေး ချို့တဲ့နေသူတွေ ဒုက္ခရောက်ရပြီး UID စမတ်ကတ်ရဖို့ သန်းခေါင်စာရင်းရှိရာ လဝကရုံးကို သွားရောက်ရတယ်လို့ ပင်စင်စားတယောက်ရဲ့ မိသားစုဝင်က DVB ကို ပြောပါတယ်။

“ပင်စင်ထုတ်တဲ့ရုံးက ၃ ရက်အတွင်း UID ကတ် ပေးရင်ပေး၊ မပေးရင် ပင်စင်ရမှာ မဟုတ်ဘူး ပြောတော့ မရရအောင် လိုက်လုပ်ရတယ်။ အဖေက လေဖြတ်နေတော့ ကားငှားပြီး လဝကရုံးမှာ UID သွားလျှောက်ရတယ်။ ဟိုရောက်ရင်တော့ အဖေကို ရုံးထဲကို ချီခေါ်ပြီး UID သွားရိုက်ရတယ်။ လူငယ်က ပြဿနာမရှိပေမဲ့ အသက်ကြီးတဲ့သူဆိုတော့ အိမ်ရောက်တော့ ဖျားရော။”

စမတ်ကတ်လို့ခေါ်တဲ့ UID ကတ် လုပ်ရာမှာလည်း လဝကရုံးတွေရဲ့ ကွဲလွဲမှုတွေကြောင့် ၂ ကြိမ်တိုင် ပြန်လုပ်ရပြီး သက်ကြီးပင်စင်စားတွေ ဒုက္ခရောက်ရတယ်လို့ အငြိမ်းစားပင်စင်စားတယောက်က DVB ကို ပြောပါတယ်။

“တောင်ဒဂုံမှာ စမတ်ကတ်ရိုက်တော့ မှတ်ပုံတင်က မှန်တယ်၊ ကွန်ပျူတာထဲက သန်းခေါင်စာရင်းထဲမှာ မရှိဘူး။ အဲ့တော့ အရင်မှတ်ပုံတင်လုပ်ခဲ့တဲ့ သုံးခွမြို့နယ်ပြန်ပြီး စမတ်ကတ် သွားရိုက်ရတယ်။ သက်ကြီးပင်စင်စားဖြစ်နေလို့ လဝကရုံးတရုံးနဲ့ ညှိနှိုင်းပြီး လုပ်ပေးမယ်မရှိဘူး။ အဲ့နေ့က လဝကရုံးကသူတွေသိအောင် ပြောပစ်လိုက်တယ်၊ အရမ်းမရစ်ကြနဲ့၊ တချိန်က မင်းတို့လို ငါတို့လည်း ဝန်ထမ်းတွေပဲ။”

စစ်ကောင်စီအနေနဲ့ အငြိမ်းစား နိုင်ငံဝန်ထမ်းတွေရဲ့ ပင်စင်လစာငွေတွေကို အမှန်တကယ် ပေးချင်တဲ့ဆန္ဒ ရှိပါက လဝကရုံးနဲ့ ညှိနှိုင်းကာ လေဖြတ်နေသူတွေ၊ လမ်းမလျှောက်နိုင်သူတွေကို နေအိမ်ကို ကိုယ်တိုင်သွားရောက် လုပ်ပေးသင့်သလို စုရပ်တခုလုပ်ပြီး လုပ်ပေးသင့်တယ်လို့ သူက သုံးသပ် ပြောဆိုပါတယ်။

နိုင်ငံဝန်ထမ်း အငြိမ်းစားတွေကို ပင်စင်ထုတ်ပေးနေတဲ့ မြန်မာ့စီးပွားရေးဘဏ်က ဇွန် ၂၃ ရက်ကနေ ဇွန် ၂၅ ရက်အတွင်း ပင်စာလစာငွေကို UID /QR နဲ့ သာ ထုတ်ပေးတော့မယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013