DVB Logo
Home
မြန်မာသတင်း
ပခုက္ကူတွင် စစ်တပ် ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းနေရသူ ၃ ဦး အလင်းဝင်
DVB
·
June 27, 2025
ပခုက္ကူတွင် စစ်တပ် ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းနေရသူ ၃ ဦး အလင်းဝင်
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ​ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းနေရသူ ၃ ယောက်ဟာ ဇွန် ၂၄ ရက်က အလင်းဝင်ရောက်လာခဲ့ကြတယ်လို့ Burma Revolution Rangers ဆီကနေ သိရပါတယ်။

Burma Revolution Rangers ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုဒိမိုက “သူတို့ ၃ ယောက်က အခုနှစ် မတ်လထဲမှာ ပေါ်တာဆွဲခံရပြီးတော့ စစ်သင်တန်း ၃ လတက်ပြီး ဒီ ပခုက္ကူတပ်မ ၁၀၁ ကို ရောက်လာတာ ရက်ပိုင်းလေးပဲ ရှိသေးတာ။ ဘယ်မှမသွားတတ်လို့ ကျနော်တို့ဆီကို ဆက်သွယ်ပြီး သူတို့နဲ့ အနီးဆုံးနေရာအထိ လာကြိုပေးပါ တောင်းဆိုလာလို့ အန္တရာယ်ကြားကနေ တပ်မ ၁၀၁ ဧရိယာနဲ့ အနီးဆုံးနေရာအထိ သွားခေါ်ပေးခဲ့ရတယ်။ လက်နက်တွေတော့ ပါမလာခဲ့ကြပါဘူး” လို့ ပြောပါတယ်။

Burma Revolution Rangers ဆီ ဆက်သွယ်ပြီး အလင်းဝင်ရောက် ခိုလှုံသူတွေဟာ အသက် ၃၂ နှစ်အရွယ် တပ်သားလှမျိုးထွန်း (ပစ/၁၅၂၃၅၆)၊ အသက် ၃၀ အရွယ် တပ်သားချမ်းပြည့်အောင် (ပစ/၁၅၂၈၁၃) နဲ့ အသက် ၃၀ အရွယ် တပ်သားညိမ်းသူအောင် (ပစ/၁၅၂၈၂၉) တို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

Burma Revolution Rangers အဖွဲ့ရဲ့ တာဝန်ခံ ကိုကာတွန်းက “ချမ်းပြည့်အောင်က မန္တလေးက အလုပ်သွားရင်း လမ်းမှာ ပေါ်တာဆွဲခံရတာ။ လှမျိုးထွန်းနဲ့ ညိမ်းသူအောင် တို့ကတော့ မုံရွာမှာ ပေါ်တာဆွဲခံခဲ့ရတာ။ သူတို့ ၃ ယောက်လုံး စသရ ၇ ကနေ ရကသ ၈ ဗထူးတပ်မှာ စစ်သင်တန်းတက်ပြီးတော့ တပ်မ ၁၀၁ အောက်က တပ်ရင်း ၂၅၁ ကို အပို့ခံရတာ။ အခုလ ၁၆ ရက်နေ့က တပ်မ ၁၀၁ ထဲ ရောက်လာပြီး သိပ်မကြာဘူး ကျနော်တို့ဆီ ဆက်သွယ်လာကြတာပေါ့ဗျာ” လို့ DVB ကို ပြောပါတယ်။

ကိုလှမျိုးထွန်းနဲ့ ကိုညိမ်းသူအောင် တို့ကို သူတို့ရဲ့ဆန္ဒအတိုင်း မုံရွာမြို့ကို ပြန်လည်ပို့ဆောင်ပေးလိုက်ပြီး ကိုချမ်းမြေ့အောင် ကတော့ မိသားစုနဲ့ ဆက်သွယ်နေဆဲ ဖြစ်တာကြောင့် တပ်ဖွဲ့အတွင်းက စခန်းတခုမှာပဲ စောင့်ရှောက်ပေးထားတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီလက်အောက်မှာ ကျန်ရစ်နေကြသူတွေ အနေနဲ့လည်း မိမိအသက်ကို အာဏာရှင်အတွက် အသေမခံကြဘဲ မိသားစုဝင်တွေနဲ့အတူ လွတ်လပ်စွာ ရှင်သန်နိုင်ကြဖို့ နီးစပ်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အမြန်ဆုံးချိတ်ဆက် အလင်းဝင်ရောက် ခိုလှုံကြဖို့ တိုက်တွန်းထားတယ်လို့လည်း Burma Revolution Rangers ဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013