DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် ဆေးခြောက်ကို ဥပဒေကင်းလွတ်ခွင့်မှ ပြန်လည်ရုပ်သိမ်း
DVB
·
June 26, 2025
ထိုင်းတွင် ဆေးခြောက်ကို ဥပဒေကင်းလွတ်ခွင့်မှ ပြန်လည်ရုပ်သိမ်း
Donate to DVB

ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဆေးခြောက်ကို တရားဝင် လွတ်လပ်စွာ ရောင်းဝယ်ခွင့် ပြုခဲ့ပေမဲ့လည်း အခုအခါမှာတော့ ဆေးဝါးအဖြစ်သာ အသုံးပြုခွင့်ပြုတော့မှာဖြစ်တယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ထိုင်းကျန်းမာရေးဝန်ကြီး နိုင်းဆုမ်ဆဒ် ထိပ်ဆုထင်းက လက်မှတ်ရေးထိုးပြီး ဇွန် ၂၃ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာ ဆေးခြောက်ကို လွဲမှားစွာ အသုံးပြုခြင်းမှ ကာကွယ်ရန်  လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာခဲ့တဲ့ ဆေးခြောက်ကင်းလွတ်ခွင့်ဆိုင်ရာ ဥပဒေကို ရုပ်သိမ်းလိုက်ကြောင်း၊ ကြေညာချက် ထုတ်ပြန်သည့်နေ့က စတင်သက်ဝင်ကြောင်း ပါရှိပါတယ်။

ဒါ့အပြင် အရင်ဥပဒေအရ ဆေးခြောက်ကို လေ့လာသုတေသနပြုရန် ၊ တင်ပို့ရောင်းချရန်၊ ဒါမှမဟုတ် ကုန်ပစ္စည်းအဖြစ်ထုတ်လုပ်ရန် ခွင့်ပြုချက်လိုင်စင် ရထားသူတွေအနေနဲ့ ဆေးခြောက်ရယူခဲ့တဲ့ အရင်းအမြစ်၊ သိမ်းဆည်းသိုလှောင်ထားတဲ့ ပမာဏ၊ လုပ်ငန်းတည်နေရာ စတဲ့ လုပ်ငန်းဆိုင်ရာ အချက်အလက်တွေကို ဥပဒေပုဒ်မ ၄၆ ပါ ဖောင်မှာ ဖြည့်စွက်ပြီး သက်ဆိုင်ရာကို တင်ပြရမယ်လို့ ဆိုပါတယ်။

ဆေးခြောက်ရဲ့ အပွင့်ကိုသာ ဆေးဖြစ်ဝါးဖြစ် အသုံးပြုခွင့်ရှိပြီး ကုန်ကြမ်းဝယ်ယူရရှိတဲ့ နေရာမှာလည်း ဥပဒေအရ စနစ်တကျ စိုက်ပျိုးရိတ်သိမ်းထားတဲ့ နေရာက ဖြစ်ရမယ်၊ ဝယ်ယူတာ ဖြစ်စေ ရောင်းချတာ ဖြစ်စေ သက်ဆိုင်ရာ ဆရာဝန်ရဲ့ ထောက်ခံစာ ပါရှိရမယ်၊ လူနာကုသခွင့်ရှိ ဆေးဝန်ထမ်းများ၊ ဆရာဝန်များ၊ တိုင်းရင်းဆေးသမားတော်များ အစရှိတဲ့ ဆေးဘက်ဆိုင်ရာ အသုံးချသူများမှအပ စီးပွားဖြစ် ကုန်ထုတ်လုပ်ရာမှာ ရောင်းချခွင့်မရှိ၊ ဆေးခြောက်ပါ ကုန်ပစ္စည်းတွေကို အွန်လိုင်းမှာ ကြော်ငြာရောင်းချခြင်း ၊ ပန်းခြံ၊ တိရစ္ဆာန်ရုံ၊ အပန်းဖြေနေရာ၊ နေအိမ်အဆောက်အဦ၊ ဘုရားကျောင်းကဲ့သို့ ဘာသာရေးဆိုင်ရာ နေရာများ အစရှိတဲ့ အများပြည်သူဆိုင်ရာ နေရာတွေမှာလည်းကောင်း၊ အလိုအလျောက် စက်မှာလည်းကောင်း ရောင်းချခွင့်မရှိ စတဲ့အချက်တွေ ပါဝင်ပါတယ်။

အနာဂတ်မှာလည်း Cannabis နဲ့ Cannabaceae မျိုးရင်းဝင် ဆေးခြောက်ပင်ကို မူးယစ်ဆေးဝါးစာရင်းဝင် အပင်အဖြစ် သတ်မှတ်ဖို့ရှိကြောင်းလည်း ထိုင်းကျန်းမာရေးဝန်ကြီးက သတင်းထောက်တွေကို ပြောပါတယ်။

ဆေးခြောက်ဥပဒေကင်းလွတ်ခွင့် ရုပ်သိမ်းဖို့ကိစ္စကို ဒီနှစ် မေ ၂၂ ရက်မှ ဇွန် ၁၅ ရက်အတွင်း သက်ဆိုင်ရာ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေဆီက စစ်တမ်းကောက်ယူခဲ့တယ်၊ အများစုက အန္တရာယ်ရှိလို့ ရုပ်သိမ်းသင့်ကြောင်း အဆိုပြုတာကြောင့် ခုလိုထုတ်ပြန်ရတာဖြစ်တယ်၊ ဖုမ်ကျိုင်ထိုင်းပါတီ အစိုးရအဖွဲ့က နုတ်ထွက်ပြီး အတိုက်အခံဘက် ပြောင်းသွားတဲ့ကိစ္စနဲ့ ဘာမှပတ်သက်ခြင်းမရှိဘူး၊ ဆေးခြောက်နဲ့ပတ်သက်တဲ့ နောက်ထပ်ဥပဒေတရပ် ထုတ်ပြန်ဖို့ လွန်ခဲ့တဲ့ နှစ်တွေကတည်းက ကြိုးစားခဲ့ပေမဲ့ မထုတ်ပြန်ဖြစ်ခဲ့ဘူး၊ ဒီကြားထဲမှာ ဆေးခြောက်ရဲ့ ဆိုးကျိုးတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာတယ်၊ ဒါကြောင့် ကင်းလွတ်ခွင့်ဥပဒေ ပြန်ရုပ်သိမ်းရတာလို့ ဝန်ကြီးက ဇွန် ၂၅ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ဆေးခြောက်ကို ဥပဒေမှ ကင်းလွတ်ခွင့်ပြုပြီး ကန့်သတ်ပမာဏနဲ့အညီ စီးပွားဖြစ် စိုက်ပျိုးခြင်း၊ ရောင်းဝယ်ခြင်း၊ စားသောက်ကုန်၊ လူသုံးကုန် ထုတ်လုပ်မယ်လို့ ဖုမ်ကျိုင်ထိုင်းပါတီက ရွေးကောက်ပွဲမှာ မဲဆွယ်ခဲ့တာပါ။

အဲဒီနောက် ဖုမ်ကျိုင်ထိုင်းပါတီက ညွန့်ပေါင်းအစိုးရအဖွဲ့ဝင် ဖြစ်လာခဲ့တယ်။ ဒီ ၂၀၂၅ မေလထဲမှာ ဝန်ကြီးနေရာကိစ္စ မကျေလည်မှုတွေ ရှိခဲ့တယ်၊ ဒီကြားထဲ ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်က ကမ္ဘောဒီးယားနိုင်ငံ အကြီးအကဲနဲ့ အလွတ်သဘောပြောဆိုချက် အသံဖိုင် ပေါက်ကြားခဲ့တော့ အဲဒီအချက်ကို အကြောင်းပြုပြီး ဖုမ်ကျိုင်းထိုင်းပါတီ ခေါင်းဆောင်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေရော လွှတ်တော်ကိုယ်စားလှယ်တွေပါ အားလုံး အစိုးရအဖွဲ့က နုတ်ထွက်ပြီး အတိုက်အခံပါတီဘက်ကို ပြောင်းလိုက်ကြပါတယ်။

ဒါ့အပြင် ဖွေ့ထိုင်းပါတီက အဆိုပြုထားတဲ့ Entertainment Complex ကာစီနိုလောင်းကစားဝိုင်း တရားဝင်ဖွင့်လှစ်မယ့် ကိစ္စကိုလည်း လွှတ်တော်ကနေ ကန့်ကွက်သွားမယ်လို့ ဆိုပါတယ်။

ဆေးခြောက်ကို ဥပဒေကင်းလွတ်ခွင့်က ပြန်လည်ရုပ်သိမ်းကြောင်း ကြေညာချက်ကြောင့် လက်ရှိ ဆေးခြောက်လုပ်ငန်း ရင်းနှီးမြှုပ်နှံထားသူ၊ စီးပွါးဖြစ် စိုက်ပျိုးထုတ်လုပ်နေသူတွေကြားမှာ ဘတ်သန်းပေါင်း ရာနဲ့ချီ ကြီးမားတဲ့ အရှုံးတွေ ရင်ဆိုင်ရဖွယ်ရှိပြီး အစိုးရက ဘယ်လိုလျော်ပေးမလဲ ဆိုတာလည်း မျှော်လင့်နေကြပါတယ်။

ထိုင်းဆေးခြောက်ရဲ့ အနာဂတ်ကွန်ရက်အဖွဲ့လို့ အမည်ပေးထားတဲ့ ဆေးခြောက်ထောက်ခံသူများ အဖွဲ့ကတော့ လာမယ့် ဇူလိုင် ၇ ရက်နေ့ကျရင် ကျန်းမာရေးဝန်ကြီးဌာနကို သွားရောက်ပြီး ၂၃ ရက်နေ့က ထုတ်ပြန်ချက်ကို ပြန်လည်သုံးသပ်ဖို့၊ ဆေးခြောက်ကို လွတ်လပ်ခွင့်ပေးဖို့၊ ဆေးခြောက်ကို အသုံးချပြီး ကလဲ့စားချေတာ၊ နိုင်ငံရေးအမြတ်ထုတ်တာတွေ မလုပ်ဖို့ သွားရောက် ဆန္ဒထုတ်ဖော်ကြမယ်လို့ သိရပါတယ်။

Source: Thai PBS / Amarin TV

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013