
အီရန်ကို ၂ ပတ် အပစ်အခတ်ရပ်စဲတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို အစ္စရေးက ထောက်ခံတယ်လို့ ပြောဆိုခဲ့ပြီး အပစ်ရပ်တဲ့အထဲမှာ လက်ဘနွန်မပါဘူးလို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုရဲ့ အစိုးရရုံးက ပြောပါတယ်။
ဆိုရှယ်မီဒီယာ X မှာ ဗုဒ္ဓဟူးနေ့က ဖော်ပြတဲ့ ကြေညာချက်အရ နေတန်ယာဟုက အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့ တိုက်ခိုက်မှု မပြုလုပ်တဲ့ ဒေါ်နယ်ထရမ့်ပ်ရဲ့ ကြိုးပမ်းမှုကို အစ္စရေးက ထောက်ခံတယ်လို့ ရေးသားထားပါတယ်။
လာမဲ့ သောကြာနေ့မှာ ပါကစ္စတန်မှာရှိတဲ့ အစ္စလာမ္မာဘတ်မှာ ဆွေးနွေးမှုတွေပြုလုပ်ဖို့ ရည်ရွယ်ထားတယ်လို့ အမေရိကန်က အစ္စရေးကို ပြောထားတယ်လို့ သူက ဆိုပါတယ်။ ဒါပေမဲ့ ၂ ပတ် အပစ်အခတ်ရပ်စဲရေးထဲမှာ လက်ဘနွန် မပါဘူးလို့ သူက ထပ်မံပြောဆိုထားပါတယ်။
နေတန်ယာဟုရဲ့ စကားနဲ့ပတ်သက်ပြီး လက်ဘနွန်ဘက်က မှတ်ချက်ပေးတာမျိုးတော့ မရှိသေးဘူးလို့ အယ်ဂျာဇီးယား သတင်းဌာနက ဖော်ပြပါတယ်။
ပါကစ္စတန်ဝန်ကြီးချုပ်က အမေရိကန်၊ အီရန်နဲ့ သူတို့ရဲ့ မဟာမိတ်တွေက လက်ဘနွန် အပါအဝင် တခြားနေရာတွေမှာ အပစ်အခတ် ချက်ချင်းရပ်ဖို့ သဘောတူခဲ့တယ်လို့ ပြောခဲ့ပါတယ်။
လက်ဘနွန်နိုင်ငံဟာ အီရန်ကိုတိုက်နေတဲ့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုထဲမှာ မတ် ၂ ရက်ကစပြီး ပါဝင်ခဲ့တာပါ။
အီရန်ရဲ့ မဟာမိတ်ဖြစ်တဲ့ လက်ဘနွန်ဟာ အစ္စရေးကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးနဲ့ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပါတယ်။
ဒါဟာ အီရန်ခေါင်းဆောင် အလီခါမေနီကို အစ္စရေးက ဖေဖော်ဝါရီ ၂၈ ရက် ပထမဆုံး တိုက်ခိုက်မှုမှာတင် သတ်ခဲ့တဲ့အတွက် လက်တုံ့ပြန်တာလို့ လက်ဘနွန်က ပြောထားပါတယ်။
ဒါဟာ ၂၀၂၄ နိုဝင်ဘာလကတည်းက အပစ်အခတ်ရပ်စဲဖို့ သဘောတူထားမှုကို ချိုးဖောက်ခဲ့တာပဲ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလက ဂါဇာကို အစ္စရေးတို့ ထိုးစစ်ဆင်ချိန် ဟစ်ဇ်ဘိုလာအဖွဲ့တွေနဲ့ နယ်စပ်မှာ တိုက်ပွဲတွေ တနှစ်ကျော်ကြာ ဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့ဖူးတာပါ။
လက်ဘနွန်အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ အစ္စရေးရဲ့ မတ် ၂ ရက်ကတည်းက တိုက်ခိုက်မှုကြောင့် လူ ၁,၅၀၀ ကျော် သေဆုံးခဲ့ပြီး လူ ၁ သန်းကျော် ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရပါတယ်။
အစ္စရေးစစ်တပ်က လက်ဘနွန်တောင်ပိုင်းကို ကျူးကျော်မှု စတင်ခဲ့ပြီး ကြားခံဇုန်အဖြစ် သတ်မှတ်ထားတဲ့ နေရာတွေမှာ အစ္စရေးက နယ်မြေသိမ်းယူမှုတွေ ပိုပြီး ကျူးကျော်နိုင်အောင် ဆောင်ရွက်နေတာလို့ လက်ဘနွန်က ပြောပါတယ်။
အစ္စရေးက ဟစ်ဇ်ဘိုလာ စစ်သွေးကြွတွေကို တွန်းလှန်ဖို့ “ကြားခံဇုန်” တခု ဖန်တီးရေးအတွက် လက်ဘနွန်တောင်ပိုင်း အစိတ်အပိုင်းတခုကို သိမ်းပိုက်မယ်လို့ ပြောပါတယ်။
အစ္စရေးစစ်တပ်ရဲ့ သိမ်းပိုက်မှုဟာ ဒေသတွင်း မတည်ငြိမ်မှုကို ပိုနက်ရှိုင်းစေပြီး နောက်ထပ် ရွှေ့ပြောင်းရတာတွေ ဖြစ်စေနိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ်တွေ လက်ဘနွန်ပြည်သူတွေကြားမှာ တိုးပွားနေပါတယ်။
မတ် ၄ ရက်မှာ အစ္စရေးက လက်ဘနွန်နိုင်ငံ လီတာနီမြစ်တောင်ဘက်မှာ နေသူအားလုံးကို ဒေသထဲကနေ ထွက်သွားဖို့ အမိန့်ပေးခဲ့ပါတယ်။
ဟစ်ဇ်ဘိုလာက အစ္စရေးဆီ ဒုံးကျည်တွေနဲ့ ပစ်ခတ်ရင်း အီရန်အပေါ် အမေရိကန်-အစ္စရေးတို့ ဆင်နွှဲနေတဲ့ စစ်ပွဲထဲမှာ ပါဝင်ခဲ့ပြီး နှစ်ရက်အကြာမှာ အမိန့်ပေးတာလည်း ဖြစ်ပါတယ်။
လီတာနီမြစ်ဟာ အစ္စရေးနယ်စပ် မြောက်ဘက် ၁၉ မိုင်အကွာ မြေထဲပင်လယ်ကနေ အရှေ့ဘက်ဆီ စီးဆင်းနေတာပါ။ လက်ဘနွန်နယ်မြေရဲ့ ၈ ရာခိုင်နှုန်းလောက်က မြစ်ရဲ့တောင်ဘက်မှာ ရှိပါတယ်။
အစ္စရေးက ဒီဒေသကို အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ရှီးအိုက် စစ်သွေးကြွတွေအတွက် ခံတပ်တခုအဖြစ် ရှုမြင်ပါတယ်။
လက်ဘနွန်တောင်ပိုင်းဟာ သမိုင်းကြောင်းအရ ခရစ်ယာန်နဲ့ ဆွန်နီ မွတ်စလင်ရွာတွေ ရှိနေတဲ့ မတူကွဲပြားတဲ့ ဒေသတခုလည်း ဖြစ်ပါတယ်။
အစ္စရေးက မြစ်ကူးတံတား ၅ စင်းကို ဖျက်ဆီးခဲ့ပြီး စစ်တပ်က လက်ကျန်တံတားတွေနဲ့ လီတာနီအထိ လုံခြုံရေးဇုန်ကို ထိန်းချုပ်မယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေး ခက်ဇ်က မတ် ၂၄ ရက်မှာ ပြောခဲ့ပါတယ်။
အကြမ်းဖက်မှုနဲ့ ဒုံးကျည်တွေ ရှိနေသရွေ့ သူ့တပ်ဖွဲ့ဝင်တွေ အဲဒီနေရာမှာ ရှိနေမယ်လို့လည်း ဆက်ပြောခဲ့ပါတယ်။
အစ္စရေးတပ်တွေ လက်ဘနွန်တောင်ပိုင်းကို သိမ်းပိုက်ခြင်းကနေ ကာကွယ်တိုက်ခိုက်သွားမယ်လို့ ဟစ်ဇ်ဘိုလာတွေက မတ် ၂၄ ရက်မှာ ပြောပါတယ်။
အစ္စရေးရဲ့ လုပ်ဆောင်ချက်က လက်ဘနွန်အတွက် “တည်ရှိမှုဆိုင်ရာ ခြိမ်းခြောက်မှု” လို့လည်း ဟစ်ဇ်ဘိုလာတွေက ခေါ်ဆိုခဲ့ပါတယ်။
Source: Reuters










