DVB Logo
Home
မြန်မာသတင်း
မြဝတီတွင် လိုင်စင်မဲ့ယာဉ်များ စစ်ကောင်စီ မဖမ်းဆီးနိုင် 
DVB
·
June 25, 2025
မြဝတီတွင် လိုင်စင်မဲ့ယာဉ်များ စစ်ကောင်စီ မဖမ်းဆီးနိုင် 
Donate to DVB

 

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ များပြားတာကြောင့် စစ်ကောင်စီလက်အောက်ခံတွေအနေနဲ့ လိုင်စင်မဲ့ယာဉ်တွေ ဖမ်းဆီးဖို့ အခက်အခဲတွေရှိတယ်လို့  မြို့မိမြို့ဖတွေက ပြောပါတယ်။

မေ ၂၀ ရက် နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီအဖွဲ့ရဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ စစ်ခေါင်းဆောင်က လိုင်စင်မဲ့ကားနဲ့ လိုင်စင်မဲ့ ဆိုင်ကယ် စီးနင်းနေတာတွေကို ဖော်ထုတ်ဖမ်းဆီးဖို့ ညွှန်ကြားခဲ့ပါတယ်။

ဒါကြောင့် ဇွန် ၁ ရက်ကစတင်ပြီး ကရင်ပြည်နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်နဲ့ လိုင်စင်မဲ့ ကားတွေ ဖမ်းဆီးခဲ့ပေမဲ့ မြဝတီမြို့မှာတော့ ဖမ်းဆီးဖို့ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။

မြို့မိမြို့ဖတယောက်က “လက်ရှိတော့ ဖမ်းတာမတွေ့သေးဘူး။ လက်နက်ကိုင်တပ်ဖွဲ့တွေက အများစု ကြီးစိုးထားတဲ့ ဧရိယာဖြစ်နေတဲ့အချိန်မှာ ဒီလိုင်စင်မဲ့တွေဖမ်းမယ်ဆိုတဲ့နေရာမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေစီးနေတဲ့ ကားတွေကလည်း ရာခိုင်နှုန်းတော်တော်များတယ်။ အဲဒီအခါကျတော့ ကျနော်တို့က ပြည်သူတွေရဲ့ဟာတော့ ဖမ်းပြီး အဲဟာ(လက်နက်ကိုင်)မဖမ်းဘူးဆိုရင် ပဋိပက္ခတွေက ထပ်ဖြစ်မယ်။ သူတို့ကလည်း ဒီဟာကို ထိန်းထိန်းသိမ်းသိမ်းနဲ့ပဲ လုပ်ကိုင်ကျမယ် ပုံစံမျိုးပဲတွေ့ရတယ်။ တကယ်လို ဖမ်းမယ်ဆိုရင် ပြဿနာက ခုနကပြောသလို လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြဿနာဖြစ်တဲ့ ပုံစံမျိုးဖြစ်မှာပေါ့”လို့ ပြောပါတယ်။

မြဝတီမြို့မှာ မော်တော်ယာဉ်နဲ့ ဆိုင်ကယ်တွေကို  နံပါတ်ပြားနဲ့ ယာဉ်မောင်းလိုင်စင် စစ်ဆေးတာတွေလောက်ပဲရှိပြီး  ပုံမှန်သွားလာနေကြပါတယ်။ လိုင်စင်မဲ့မော်တော်ယာဉ်တွေအနေနဲ့ အမှတ် ၁ ချစ်ကြည်ရေးတံတားပေါ်ကနေ မဲဆောက်မြို့ကို ဖြတ်သန်းသွားလာခွင့်မရှိဘူးလို့ မြို့မိမြို့ဖတွေက ပြောပါတယ်။

မြဝတီမြို့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ DKBA၊ BGF၊ KNU/KNLA(PC) ဆက်ဆံရေးရုံးတွေနဲ့ တပ်ဖွဲ့ဝင်တွေ အခြေချလှုပ်ရှားနေတာပါ။

ကရင်လက်နက်ကိုင်အဖွဲ့တဖွဲ့ရဲ့ ဆက်ဆံရေးရုံး ပြောရေးဆိုခွင့်ရှိသူက “မြဝတီမှာ မဖမ်းဘူး။ မြဝတီက ဖမ်းမယ်ဆိုလည်း သူတို့(စစ်ကောင်စီ)နေစရာမရှိဘူးလေ။ မြဝတီမှာကျ အဖွဲ့စုံတယ်။ နောက်ပြီးတော့ ဒီတော်လှန်ရေးမဖြစ်ဖို့ ထိန်းထားတာလည်း ဒီအဖွဲ့စုံတွေပဲ။ ဒါပေမဲ့ ဟိုအောက်(ဘားအံဆင်းရင်း ဖမ်းခံထိတာပေါ့။ အောက်ဆင်းရင် စစ်ဆေးတယ်။ ဖမ်းတယ်။ အဖမ်းအဆီးတော့ ကြမ်းတယ်။ အဖွဲ့အစည်းဆိုရင် ဘားအံလောက်အထိသွားတယ်။ သာမညလောက်ထိသွားတယ်။ ပြီးရင် လိုင်စင်ကားနဲ့ ပြန်ပြောင်းတယ်။ ကားတင်မဟုတ်ပါဘူး။ ကုန်ပစ္စည်းတွေပါ အကုန်လုံး”လို့ ပြောပါတယ်။

မြန်မာ- ထိုင်းနယ်စပ် မြဝတီမြို့ကတဆင့် မြန်မာတနိုင်ငံလုံးကို လိုင်စင်မဲ့မော်တော်ယာဉ်တွေနဲ့ ကုန် စည်တွေ ဝင်ရောက်ဖို့ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေကို ငွေကြေးပေးဆောင်ပြီး အဓိက တင်သွင်းနေတာလို့ ဒေသခံတွေက ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း လိုင်စင်မဲ့ ဆိုင်ကယ်၊ မော်တော်ယာဥ်တွေနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ ကုန်ပစ္စည်းတွေကိုပါ ဖမ်းဆီးနေတာကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013