DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာ ဒုက္ခသည်များနှင့် ဘင်္ဂလားဒေ့ရှ်အတွက် ဒေါ်လာ ၅၈ သန်း ADB ကူညီမည် 
DVB
·
June 25, 2025
ရိုဟင်ဂျာ ဒုက္ခသည်များနှင့် ဘင်္ဂလားဒေ့ရှ်အတွက် ဒေါ်လာ ၅၈ သန်း ADB ကူညီမည် 
Donate to DVB

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အနေနဲ့ မြန်မာနိုင်ငံက နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ရိုဟင်ဂျာတွေနဲ့ လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အိမ်ရှင် အသိုက်အဝန်းအတွက် အမေရိကန် ဒေါ်လာ ၅၈ သန်းကျော် ပံ့ပိုးကူညီသွားမယ်လို့ အတည်ပြုလိုက်တဲ့အကြောင်း BSS News သတင်းမှာ ဇွန် ၂၄ ရက်က ဖော်ပြပါတယ်။

ဒါဟာ ADB အနေနဲ့ အာရှဖွံ့ဖြိုးရေးရန်ပုံငွေ (ADF) ထဲကနေ ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၅၈ ဒသမ ၆ သန်းနဲ့ မြန်မာနိုင်ငံက နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာရသူတွေနဲ့ ဘင်္ဂလားဒေ့ရှ် အိမ်ရှင်အသိုင်းအဝန်းအတွက် အခြေခံအဆောက်အဦနဲ့ အရေးကြီးတဲ့ ဝန်ဆောင်မှုတွေ ပံ့ပိုးပေးနိုင်ရေးအတွက် သက်သာချေးငွေ ဒေါ်လာ ၂၈ ဒသမ ၁ သန်းကို ပေးအပ်သွားဖို့ အတည်ပြုလိုက်တာပါ။

ဒီအစီအစဉ်မှာတော့ မြန်မာနိုင်ငံက ရွှေ့ပြောင်းဒုက္ခသည်တွေအတွက် ပေါင်းစည်းဝန်ဆောင်မှုနဲ့ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာတွေနဲ့ လက်ခံရပ်ရွာတွေ မြှင့်တင်ရေးစီမံကိန်းအနေနဲ့ ဆောင်ရွက်သွားမှာဖြစ်ကာ ရေ၊ မိလ္လာနဲ့ တကိုယ်ရေ သန့်ရှင်းမှုတို့ကို တိုးမြှင့်သုံးစွဲနိုင်စေရေး၊ လမ်းနဲ့တံတားတွေ၊ ဘေးကင်းလုံခြုံရေးနဲ့ ရေနုတ်မြောင်းစနစ်တွေ အပါအဝင် စားနပ်ရိက္ခာဖူလုံရေး၊ သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိရေး စတာတွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကော့ဇ်ဘဇားနဲ့ ဘာဆန်ချား ဧရိယာတွေက ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ အိမ်ရှင် အသိုက်အဝန်း ၂ ခုလုံးရဲ့ သီးခြားလိုအပ်ချက်တွေကို ဖြေရှင်းနိုင်ရေးအတွက် ကွဲပြားတဲ့ ချဉ်းကပ်မှုကို အသုံးချသွားမယ်လို့လည်း ဆိုပါတယ်။

ADB ရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါရိုက်တာ ဟိုယန်ဂျောင်းက “ဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေနဲ့ အိမ်ရှင်အသိုက်အဝန်းတွေအကြား လူမှုစည်းလုံးညီညွတ်မှုကို မြှင့်တင်ရင်း မြန်မာနိုင်ငံက နေရပ်စွန့်ခွာသူတွေရဲ့ ခံနိုင်ရည်အားနဲ့ ခုခံကာကွယ်မှု အားကောင်းအောင် ဘင်္ဂလားဒေ့ရှ်ကို ပံ့ပိုးကူညီရတာ ဝမ်းမြောက်မိပါတယ်” လို့ ပြောပါတယ်။

“ဒီအကူအညီအသစ်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကတည်းက ရွှေ့ပြောင်းဒုက္ခသည်ဦးရေနဲ့ အိမ်ရှင်အသိုက်အဝန်းတွေကို ထောက်ပံ့ပေးနေတဲ့ အရေးပေါ် အကူအညီစီမံကိန်းနဲ့ နောက်ထပ် ဘဏ္ဍာငွေအောက်မှာ ကျနော်တို့ရဲ့ အစောပိုင်းထောက်ပံ့ငွေ စုစုပေါင်း အမေ ရိကန်ဒေါ်လာ ၁၇၁ ဒသမ ၄ သန်းထိ ရောက်ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။”

ADB ရဲ့ ထုတ်ပြန်ချက်အရ ရိုဟင်ဂျာ ဒုက္ခသည်ဦးရေဟာ ၁ သန်း ကျော်ရှိပြီး ၇၅ ရာခိုင်နှုန်းလောက်ကတော့ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ ဖြစ်ပြီး လက်ရှိမှာတော့ ကော့ဇ်ဘဇားက ဒုက္ခသည်စခန်း ၃၃ ခုမှာ နေထိုင်နေကြသလို ဘာဆန်ချားမှာ ဆန္ဒအလျောက် ပြောင်းရွှေ့နေထိုင်သူအရေအတွက်ကတော့ ၃၆,၀၀၀ ကျော်ရှိနေတယ်လို့ ဆိုပါတယ်။

Source : BSS News

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013