DVB Logo
Home
မြန်မာသတင်း
အာရှဖွံ့ဖြိုးရေးဘဏ်က မြန်မာနိုင်ငံကို ဒေါ်လာ သန်း ၁၀၀ ထောက်ပံ့မည်
DVB
·
June 18, 2025
အာရှဖွံ့ဖြိုးရေးဘဏ်က မြန်မာနိုင်ငံကို ဒေါ်လာ သန်း ၁၀၀ ထောက်ပံ့မည်
Donate to DVB

မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးဖို့နဲ့ ရေရှည်တည်တံ့တဲ့ ရပ်ရွာဖွံ့ဖြိုးတိုးတက်မှုတွေ တည်ဆောက်ဖို့အတွက် အာရှဖွံ့ဖြိုးရေးရန်ပုံငွေ (ADF) ကနေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ တန်ဖိုးရှိတဲ့ အကူအညီတွေပေးဖို့ အတည်ပြုလိုက်ပြီလို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ထုတ်ပြန်ပါတယ်။

မတ် ၂၈ ရက်က မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၇ ရှိတဲ့ ငလျင်အပြီး အရေးပေါ်ကယ်ဆယ်ရေးအတွက် အမေရိကန်ဒေါ်လာ ၃ သန်းကို ထောက်ပံ့ခဲ့ပြီးနောက် အခုလို အမေရိကန်‌ဒေါ်လာ သန်း ၁၀၀ အကူအညီ ထပ်ပေးဖို့ ဆုံးဖြတ်လိုက်တာလည်း ဖြစ်ပါတယ်။

ADB ဥက္ကဋ္ဌ မာဆာတို ကန်ဒါက “ဒီ ဒေါ်လာ သန်း ၁၀၀ တန်ဖိုးရှိတဲ့ အကူအညီဟာ ADB က မြန်မာပြည်သူတွေအတွက် ပေးအပ်ခဲ့ဖူးသမျှ အကြီးဆုံး ထောက်ပံ့ငွေဖြစ်ပြီး အစားအသောက်၊ ရေ၊ အမိုးအကာနဲ့ ဆေးဝါးကုသမှုတွေကို အရေးပေါ်လိုအပ်နေတဲ့ မိသားစုတွေဆီ ပေးပို့သွားမှာ ဖြစ်သလို ရေရှည်စားဝတ်နေရေး၊ အလုပ်အကိုင်နဲ့ ရပ်ရွာတွေရဲ့ ပြန်လည်နာလန်ထူနိုင်စွမ်းကိုလည်း ပံ့ပိုးပေးသွားမှာပါ” လို့ ပြောပါတယ်။

ADB က အရေးပေါ်အမိုးအကာ၊ ရေနဲ့ မိလ္လာစနစ်ဝန်ဆောင်မှုတွေ၊ အစားအသောက်၊ အမျိုးသမီးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ကျန်းမာရေးပစ္စည်းတွေနဲ့ စိတ်ဒဏ်ရာကုသမှုတွေကို ပံ့ပိုးပေးသွားမှာဖြစ်ပြီး ယာယီသင်ကြားရေးနေရာတွေ ပြုပြင်တာ၊ ရပ်ရွာစာကြည့်တိုက်တွေ အတွက် ပစ္စည်းတွေ ဖြည့်ဆည်းပေးတာ၊ ပညာပေးသူတွေ လေ့ကျင့်ပေးတာနဲ့ ငွေသားနဲ့ ပစ္စည်းအကူအညီ နှစ်မျိုးလုံးကို ပေးအပ်တာတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

မတ်လ ငလျင်မလှုပ်ခင်တုန်းက မြန်မာနိုင်ငံမှာ လူပေါင်း ၄ ဒသမ ၃ သန်းဟာ အရေးပေါ်အကူအညီနဲ့ လူမှုကာကွယ်စောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားခဲ့ပါတယ်။ ငလျင်လှုပ်ပြီးနောက်မှာတော့ အဲဒီအရေအတွက်ဟာ ၆ ဒသမ ၃ သန်းအထိ မြင့်တက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ ကုန်ထုတ်လုပ်မှု ထိခိုက်ခဲ့ရပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ စုစုပေါင်း ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး GDP ဟာ ၂ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းမယ်လို့လည်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးကတည်းက ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ခိုင်မာအားကောင်းမှုနည်းနေတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာ ငလျင်ကြောင့် အထိနာခဲ့ပြီး ကိုဗစ်-၁၉ ကာလမတိုင်ခင်က စီးပွားရေးအခြေအနေအောက် ၁၃ ရာခိုင်နှုန်း လျော့ကျမယ်လို့လည်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013