
အက်စ်တန်ဗီလာအသင်းရဲ့ ဂျာစီအင်္ကျီကို ဝတ်ဆင်ခဲ့တဲ့ ဂါနာချိုကို မန်ယူပရိသတ်တွေက ဒေါသထွက်ခဲ့ကြပါတယ်။
ဂါနာချိုဟာ မန်ယူအသင်းကနေ ထွက်ခွာဖို့ သတင်းထွက်နေသူဖြစ်ပြီး ပြိုင်ဘက်အသင်း ဂျာစီ ဝတ်ဆင်ထားတဲ့ ဓာတ်ပုံတပုံကို သူ့ရဲ့ဆိုရှယ်မီဒီယာမှာ တင်ခဲ့ပြီးနောက် ပရိသတ်တွေရဲ့ မျက်မုန်းကျိုးခံခဲ့ရတာပါ။
ဂါနာချိုဟာ အားလပ်ရက်ခရီးမှာ ရက်ရှ်ဖို့ဒ် ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၉ ပါ ဗီလာအသင်းဂျာစီကို ဝတ်ဆင်ပြီး ကားပါကင်ဆီ လမ်းလျှောက်သွားတဲ့ ဓာတ်ပုံတပုံကို ဆိုရှယ်မီဒီယာမှာ တင်ခဲ့တာပါ။
ရက်ရှ်ဖို့ဒ်ကတော့ သူ ပေးထားတဲ့ဂျာစီကို ဝတ်ဆင်တဲ့အပေါ် အားပေးထောက်ခံတဲ့ မှတ်ချက်ရေးသားခဲ့ပေမဲ့ မန်ယူပရိသတ်တွေကတော့ ၂ ယောက်စလုံး အသင်းကနေ ထွက်ခွာသင့်ကြောင်း မှတ်ချက်ပေးခဲ့ကြတာပါ။
ဂါနာချိုအနေနဲ့ ဒီလိုမျိုး စိတ်ဓာတ်တွေကြောင့် နည်းပြအာမိုရင်နဲ့ အဆင်မပြေတာဖြစ်ကြောင်းလည်း ပရိသတ်တယောက် မှတ်ချက်ပေးသွားပါတယ်။