DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်၌ ငှက်ဖျား‌ရောဂါ အဖြစ်များပြီး သေဆုံးသူရှိနေ
DVB
·
June 23, 2025
ရခိုင်ပြည်နယ်၌ ငှက်ဖျား‌ရောဂါ အဖြစ်များပြီး သေဆုံးသူရှိနေ
Donate to DVB

မိုးဦးကာလဖြစ်တာကြောင့် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ် အများအပြားမှာ ငှက်ဖျားရောဂါတွေ အဖြစ်များနေပြီး သေဆုံးသူတွေလည်း ရှိနေပါတယ်။ 

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်နဲ့ အမ်း စတဲ့မြို့နယ်အများအပြားမှာ ငှက်ဖျားရောဂါ အဖြစ်များနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီကနေ ဧပြီလအတွင်း AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ငှက်ဖျားရောဂါ ဖြစ်ပွားသူပေါင်း ၄၀၀ ကျော် ရှိလာနေပြီလို့ အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ကျောက်တော်မြို့နယ်မှာလည်း ငှက်ဖျားရောဂါ အဖြစ်များနေပြီး အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနက ဆေးဝါးကုသမှုတွေ ပေးနေတယ်လို့ ကျောက်တော်ဒေသခံ တယောက်က ပြောပါတယ်။

“ကျောက်တော်မြို့နယ်ဘက်မှာ ငှက်ဖျားက တော်တော်များများ ဖြစ်ကြပါတယ်။ ဖျားတဲ့အချိန်မှာ အခြေအနေက နည်းနည်းဆိုးလာတယ်။ ဒါကြောင့် စစ်ကြည့်တဲ့အချိန်မှာ ငှက်ဖျားပိုးတွေ့တယ်။ ကျောက်တော်မှာဆိုရင် အထူးသဖြင့် ကုလားတန်အထက်ပိုင်း တင်းမတို့၊ ပြိုင်းတိုင်းတို့ အဲဒီဘက်တွေမှာ တော်တော်များများ ငှက်ဖျားဖြစ်ကြပါတယ်။ မြို့ပေါ်အနီးတဝိုက်မှာလည်း အဖြစ်များကြပါတယ်။ AA ရဲ့ ကျန်းမာရေးဌာနကတော့ ဆေးရုံ ဆေးခန်းရှိတဲ့နေရာမှာ ဆေးဝါးကုသမှု ပေးနေတာတော့ ရှိပါတယ်။ ဒါပေမဲ့ ဒီမှာက နဂိုကတည်းက စစ်ကောင်စီက ဆေးဝါးတွေကို ပိတ်ဆို့ဖြတ်တောက်ထားတော့ အခက်အခဲတွေတော့ ရှိကြပါတယ်။”

ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတဲ့အပြင် ဆေးဝါးတွေ ပြတ်လပ်နေသလို ဈေးကြီးပေးဝယ်နေရတာကြောင့် ဒေသခံတွေအနေနဲ့ ဆေးကုသဖို့ အခက်အခဲ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အမ်းမြို့နယ်က ကျေးရွာတွေမှာလည်း ဆေးကုသဖို့ မတတ်နိုင်တာကြောင့် မလိုလားအပ်တဲ့ အသက်သေဆုံးမှုတွေ များလာနေပြီး ဇွန်လအတွင်း သေဆုံးသူ ၁၀ ယောက်ကျော်လောက် ရှိနေပြီလို့ အမ်းဒေသခံတယောက်က ပြောပါတယ်။

အလားတူ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖုံသာချောင်းက ချင်းလူမျိုးတွေ နေထိုင်ကြတဲ့ ကျေးရွာတွေမှာ ငှက်ဖျားရောဂါ အဖြစ်များနေပြီး ဇွန်လ အစောပိုင်းက ကလေးငယ် ၂ ယောက်နဲ့ သက်ကြီးရွယ်အိုတယောက် သေဆုံးခဲ့တယ်လို့ မင်းပြားဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီနဲ့ မေလအတွင်းကလည်း ငှက်ဖျားရောဂါကြောင့် ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာက အသက် ၁၉ နှစ်အရွယ် Grade-12 ကျောင်းသူတယောက်နဲ့ ပလက်ဝမြို့နယ် သဲကုန်းကျေးရွာက အသက် ၃၀ ကျော်အရွယ် ကျောင်းဆရာတယောက်တို့ သေဆုံးခဲ့တယ်လို့ ကျောက်တော်ဒေသခံတယောက်က ပြောပါတယ်။

ငှက်ဖျားရောဂါဟာ ခြင်ကတဆင့် ကူးစက်တတ်တဲ့ရောဂါတခုဖြစ်ပြီး မိုးဦးကာလနဲ့ မိုးနှောင်းကာလတွေမှာ အဖြစ်များပါတယ်။

ဒါပေမဲ့လည်း ရခိုင်က စစ်ရှောင်အများစုဟာ မိုးရာသီ ရောက်ရှိလာတဲ့တိုင် အမိုးအကာတွေ လိုအပ်နေဆဲ ဖြစ်သလို ခြင်တွေရန်က ကာကွယ်ဖို့အတွက်လည်း ခြင်ထောင်တွေ၊ စောင်တွေ အရေးတကြီး လိုအပ်နေဆဲပါလို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။

ပုဏ္ဏားကျွန်းဒေသခံတယောက်က “စစ်ဘေးရှောင်တွေမှာရော ဒေသခံတွေမှာပါ အဖြစ်များပါတယ်။ အထူးသဖြင့် ၁၂ နှစ်အောက် ကလေးငယ်တွေ အဖြစ်များပါတယ်။ ပြီးရင် ကုန်သွယ်ပြီး တခြားတဖက်ကနေ လာတဲ့သူတွေမှာ အဖြစ်များပါတယ်။ ခုချိန်မှာ မရှိဆင်းရဲတဲ့သူတွေက များတော့ မိုးရာသီမှာ ခြင်ထောင် ထောင်မအိပ်နိုင်တဲ့ မိသားစုတွေက များပါတယ်။ ဒါကြောင့် ပိုပြီးတော့ ကူးစက်လွယ်တာပေါ့။ အာရက္ခတပ်တော် (AA) ကလည်း ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အကုန်လုံးကို လက်လှမ်းမီဖို့ကတော့ မဖြစ်နိုင်ဘူး” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မိုးရာသီကာလတုန်းကလည်း ငှက်ဖျားရောဂါဖြစ်ပွားပြီး သေဆုံးသူ အယောက် ၂၀ ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013