ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ထဲက မံစီနဲ့ မိုးမောက်မြို့က ပြည်သူတွေ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေထိုင်နေတာ တနှစ်ကျော်ကြာလာပြီး မိုးတွင်းကာလ အမိုးအကာနဲ့ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေပါတယ်။
တောင်ယာတွေနဲ့ တောတောင်တွေမှာ တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ မိုးကာ တဲ၊ ရွက်ဖျင်တဲတွေမှာ နေထိုင်နေတာ တနှစ်ကျော်ကြာလာပြီးဖြစ်သလို မိုးရာသီရောက် လာတာကြောင့် အမိုးအကာ၊ စားနပ်ရိက္ခာအတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ မံစီမြို့နယ်က ဒေသခံတယောက်က ပြောပါတယ်။
“တနှစ်ကြာလာတော့ မိုးထားတဲ့ဟာတွေလည်း သိပ်မကောင်းလာတော့ဘူး။ ပေါက်ပြဲ ကုန်တာတွေရှိတယ်၊ အခု မိုးလည်း ကျနေပြီဆိုတော့ အမိုးအကာတွေ အရမ်းလိုတယ်၊ လေလည်း မလုံ၊ ရေလည်း မလုံနဲ့ဆိုတော့ အဆင်မပြေဘူး။ အစားအသောက်အတွက်လည်း လိုအပ်တယ်၊ ဆန်တွေပေါ့။”
မံစီနဲ့ မိုးမောက်နယ်မြို့က ပြည်သူအများစုဟာ တိုက်ပွဲမရှိတဲ့ မြို့ပေါ်က စစ်ရှောင်စခန်းတွေ တိမ်းရှောင်နေကြပေမဲ့ တောင်ယာခင်းတွေနဲ့ တိုက်ပွဲနဲ့ဝေးတဲ့ တောတောင်တွေမှာ တိမ်းရှောင်နေ တဲ့ ပြည်သူတွေလည်း အများအပြားရှိနေပါတယ်။
ဗန်းမော်ခရိုင်ထဲက တောတောင်တွေမှာ တိမ်းရှောင်နေကြတဲ့ ပြည်သူတွေဟာ စားနပ်ရိက္ခာအတွက် ၂၀၂၄ ခုနှစ်အချိန်အထိ ထောက်ပံ့ကူညီရေးအဖွဲ့အစည်းတွေကပေးဝေတဲ့ ဆန်နဲ့ ငွေကြေးထောက်ပံ့မှုတွေရှိခဲ့ပေမဲ့ ထောက်ပံကူညီမှုတွေ မရရှိတာ ၆ လဝန်းကျင်ရှိလာပြီလို့ သိရပါတယ်။
တောတောင်တွေမှာ တိမ်းရှောင်နေတဲ့ ပြည်သူတွေမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေ အများအပြား ပါဝင်နေပြီးတော့ မိုးတွင်းကာလ ရောက်လာတာကြောင့် ဖျားနာပြီး ဆေးဝါးလိုအပ်ချက်တွေလည်း ရှိနေပါတယ်။
စစ်ရှောင်အမျိုးသမီးတယောက်က “မိုးတွင်းဆိုတော့ ကလေးတွေကော ဖျားနာတာ ခဏ ခဏပဲ။ အသက်ကြီးတဲ့ သူတွေကော ရှိတယ်ဆိုတော့ ဆေးတွေလိုအပ်တာရှိတယ်။ အခုက ဆေးခန်းပြဖို့ဆိုလည်း အဝေးကြီး သွားပြရတယ်။ နေမကောင်းဖြစ်ပြီဆို မလွယ်တော့ဘူး၊ အရင်ကဆို ဆေးလာကုပေးတဲ့ အဖွဲ့တွေ လာတယ်၊ အခုတော့ ဘယ်သူမှမလာလို့ ပိုခက်တယ်”လို့ ပြောပါတယ်။
စစ်ရှောင်တွေဟာ တောတောင်တွေမှာ တိမ်းရှောင်နေရတာကြောင့် ငှက်ဖျားရောဂါ ဖြစ်ပွားမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
မိုးမောက်နဲ့ မံစီမြို့တွေကို ကချင်လွတ်လပ်ရေးတပ်မတော်က တိုက်ခိုက်သိမ်းပိုက်ထားပေမဲ့ ဗန်းမော်မြို့မှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေတာကြောင့် စစ်ရှောင်ပြည်သူတွေက နေရပ်ပြန်နိင်ခြင်း မရှိဘဲ တောတောင်တွေမှာ တိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။