
ပဲခူးတိုင်း၊ ပြည်မြို့နားမှာ ဇွန် ၂၃ ရက် ဒီမနက်ပိုင်းက အင်အားရစ်ချ်တာစကေး ၄ ဒသမ ၂ ရှိတဲ့ ငလျင်တခု လှုပ်ခတ်သွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒီမနက် ၆ နာရီ ၃၂ မိနစ်အချိန်က ပြည်မြို့ရဲ့ တောင်-အရှေ့တောင်ဘက် ၅၅ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
မြေငလျင်တိုင်းတာစက်တွေနဲ့ ဗဟိုချက်ရဲ့ အနီးအဝေးပေါ်မူတည်ပြီး ငလျင်အင်အားပမာဏ နည်းနည်းကွာနိုင်သလို ငလျင်ဘေးကြောင့် ထိခိုက်ဆုံးရှုံးတာ လျော့နည်းစေဖို့ ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်တွေနဲ့အညီ နေထိုင်ကြဖို့လည်း အသိပေးထားပါတယ်။
စစ်ကောင်စီ မိုးလေဝသဌာနကလည်း ပြည်မြို့ရဲ့အရှေ့ဘက် ၉ မိုင်လောက်အကွာ၊ အနက် ၁၇ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၃ ဒသမ ၈ အဆင့်ရှိတဲ့ ငလျင်တခု လှုပ်သွားတယ်လို့ဆိုပြီး ဒီငလျင်ကို အင်အားပြင်း စစ်ကိုင်းငလျင်ရဲ့ နောက်ဆက်တွဲအဖြစ် မသတ်မှတ်ထားပါဘူး။
ဇွန် ၂၂ ရက် မနေ့ညနေ ၅ နာရီ ၅၃ မိနစ်ကလည်း လွိုင်ကော်မြို့ရဲ့ အရှေ့မြောက်ဘက် ၇ မိုင်လောက်အကွာမှာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၃ အဆင့်ရှိတဲ့ ငလျင်တခု လှုပ်သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။