
တနင်္သာရီတိုင်းမှာ ကျန်းမာရေးတာဝန်ထမ်းဆောင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ကျန်းမာရေးဝန်ကြီးဌာနက ကျန်းမာရေးဝန်ထမ်းတွေခေါ်ယူနေပါတယ်။
ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေတွေများလာတာကြောင့် ကျန်းမာရေးပိုင်းမှာ လိုအပ်ချက်အရ ကျန်းမာရေးဝန်ထမ်းတွေခေါ်ယူနေတာလို့ တနင်္သာရီတိုင်း ကျန်းမာရေးတာဝန်ခံ ဒေါက်တာထူးနေအောင်က ပြောပါတယ်။
“ဘာကြောင့်ခေါ်ယူရသလဲဆိုတော့ အတိုချုံ့အနေနဲ့ပြောရရင် ဝန်ထမ်းအင်အားတွေ မလုံတာကြောင့်၊ ဒါကတော့ အကျဉ်းချုံးအနေနဲ့ ပြောလို့ရတယ်။ လုံလောက်မှုမရှိဘူး ဆိုတာကတော့ အာဏာစသိမ်းစကတည်းကနေပြီးတော့ စိုးမိုးနယ်မြေတွေမှာ CDM ဝန်ထမ်းတွေရှိခဲ့တာပေါ့လေနော်။ အရင်က စိုးမိုးနယ်မြေတွေ သိပ်မများတဲ့အချိန်မှာကျတော့ အတန်အတင့်လုပ်ကိုင်နိုင်တဲ့ အခြေအနေပေါ့။ နောက်ပိုင်းမှာတော့ စိုးမိုးနယ်မြေတွေလည်း များလာတယ်။ စစ်ဘေးရှောင်ပြည်သူတွေပေါ့။ စစ်ရေးအခြေအနေတွေရော။ ပြီးတော့ လေကြောင်းတိုက်ခိုက်မှုတွေရော။ စစ်ကောင်စီဘက်က အဲလိုမျိုးလုပ်လာတဲ့အချိန်မှာ ကျန်းမာရေးဝန်ထမ်းတွေက လိုအပ်ချက်တွေရှိလာတာပေါ့လေ။ အဓိကလိုအပ်ချက်ရှိနေတာက ဆရာဝန်တွေပါ။ ကျန်တဲ့ position တွေလည်းလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်ဘေးရှောင်ပြည်သူတွေလည်း များလာတာရှိတယ်။ စစ်ရှောင်တွေအတွက်လည်းကိုလည်းပဲ ကုသဖို့အတွက်ကိုတော့ ဘာပဲပြောပြော ပြည့်စုံတဲ့ကျန်းမာရေးစောင့်ရှောက်မှုကိုတော့ ပေးချင်တာပေါ့လေနော်” လို့ ပြောပါတယ်။
NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက တိုင်းနဲ့ပြည်နယ်အသီးသီးမှာ လုပ်ကိုင်ဖို့ ကျန်းမာရေးဝန်ထမ်းတွေကို ခေါ်ယူခဲ့ပေမယ့် တနင်္သာရီတိုင်းမှာ ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေ လိုအပ်နေဆဲပဲလို့ မြေပြင်မှာရှိနေတဲ့ CDM ဝန်ထမ်းတွေက ပြောပါတယ်။
CDM ဝန်ထမ်းတယောက်က “ဆရာတွေရဲ့ တယောက်နဲ့တယောက်တည်ရှိမှုက အလှမ်းဝေးတဲ့ အခါကျတော့ ဥပမာ ဒီတနေရာမှာဖြစ်လို့ရှိရင် ဒီတနေရာမှာရှိတဲ့ဆရာဝန်က ကြည့်ပေးနိုင်တယ် ဆိုပေမယ့်လည်း ဟိုဘက်နေရာ ဒီဘက်နေရာ နှစ်နေရာလောက်တိုက်ပွဲတွေဖြစ်သွားလို့ရှိရင် အခက်အခဲတွေရှိတာပေါ့နော်။ ဒါပေမယ့် ဆေးတပ်သားတွေ၊ ဆေးကျန်းမာရေးဝန်ထမ်း စီဒီအမ်တွေကျတော့ ရှိတယ်ဆိုပေမယ့်လည်း အရမ်းနည်းနေတာပေါ့နော်။ အဲဒီအခါကျရင် အရေးပေါ်ကူညီပေးတာတွေက လိုအပ်ချက်တွေအများကြီးရှိနိုင်သွားတယ်။ တိုက်ပွဲပြင်းထန်မှုပေါ်မှာ မူတည်ပြီးတော့၊ အထိအခိုက်အကျအဆုံးပေါ်မှာမူတည်ပြီးတော့ လိုအပ်ချက်တွေက အဲလိုမျိုး ကွာခြားမှုတွေရှိတာပေါ့နော်”လို့ ပြောပါတယ်။
တနင်္သာရီတိုင်းမှာ တာဝန်ထမ်းဆောင်ဖို့ အထူးကုဆရာဝန်တွေ၊ ဆရာဝန်တွေ၊ အထူးပြုသူနာပြုတွေ၊ သူနာပြုတွေနဲ့ ကျန်းမာရေးမှူးတွေ၊ အမျိုးသမီး ကျန်းမာရေးဆရာမတွေ(LHV)၊ ပြည်သူ့ကျန်းမာရေး ကြီးကြပ်-၁ တွေ၊ သားဖွားဆရာမတွေနဲ့ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ တာဝန်တွေ လျှောက်ထားနိုင်တယ်လို့ NUG ကျန်းမာရေးဝန်းကြီးဌာနရဲ့ ဇွန် ၁၇ ရက် ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။
သတ်မှတ်ထားတဲ့အချက်တွေနဲ့ ကိုက်ညီတဲ့သူတွေလျှောက်ထားနိုင်ပြီး လူမှုဘဝလုံခြုံမှုနဲ့ လုပ်ငန်းခွင်လုံခြုံမှုကို ကာကွယ်စောင့်ရှောက်တဲ့အစီအစဉ်တွေ ချမှတ်ထားပြီး တော်လှန်ရေး အလွန်ကာလမှာလည်း ဘဝအာမခံချက်တွေနဲ့ အထူးအခွင့်အရေးတွေကို ဖယ်ဒရယ်ဒီမိုကရေစီ မူဝါဒတွေနဲ့အညီ ပေးအပ်သွားမယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။