DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် နွေစပါး ဈေးကျဆင်းသဖြင့် တောင်သူများ အရှုံးပေါ်နေ
DVB
·
June 21, 2025
ဧရာဝတီတိုင်းတွင် နွေစပါး ဈေးကျဆင်းသဖြင့် တောင်သူများ အရှုံးပေါ်နေ
Donate to DVB

ဧရာဝတီတိုင်းက စိုက်ပျိုးရေးထွက်ကုန် နွေစပါးတွေ ပြည်ပဈေးကွက်ကို အကန့်အသတ်နဲ့သာ တင်ပို့နေရတာကြောင့် ဈေးကျဆင်းပြီး အရှုံးပေါ်နေတယ်လို့ တောင်သူတွေနဲ့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ဆန်နဲ့ စပါးဈေး အဓိကဈေးကွက်​က ထိုင်း၊ အိန္ဒိယနဲ့ တရုတ်ဈေးကွက်တွေဖြစ်ပြီး လက်ရှိ ဧရာဝတီတိုင်းဒေသထွက် နွေစပါးတွေကို ပြည်ပနိုင်ငံဈေးကွက်တွေကို အကန့်အသတ်နဲ့သာ တင်ပို့ရောင်းနေရတာကြောင့် ပြည်တွင်းဈေးကွက် တခုတည်းကို အားကိုးနေရလို့ နွေစပါးဈေးက အဆမတန် ကျဆင်းပြီး အရှုံးပေါ်နေတာလို့ ဆိုပါတယ်။

ဧရာဝတီတိုင်းက စပါးရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်က “ဒီဘက်က ကုန်တွေကို သူတို့လိုတဲ့အချိန် လိုသလောက်ပဲ ဝယ်တော့တာ။ တချို့ဈေးကွက်ဆို လုံးဝ အဝယ်ရပ်ထားတယ်။ ပြည်ပပို့ကုန်က မနည်းရှိတော့၊ ဝယ်ကုန်မရှိတော့ ဈေးမရဖြစ်နေတာ။ တရုတ်ကို အကန့်အသတ်နဲ့ ပို့နေရတော့ ဈေးမရ ကုန်တင်ပို့မရ ဖြစ်နေတာ။ တခြား ပြည်ပဈေးကွက်တွေကလည်း စစ်တပ်အာဏာလုပြီးကတည်းက တင်ပို့မရတော့တာ။ အဲ့တော့ တောင်သူတွေ အရှုံးခံထိနေတာပေါ့” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းကထွက်တဲ့ စိုက်ပျိုးရေးထွက်ကုန် ပြည်ပဈေးကွက်ဝင် စပါးဈေး အနေနဲ့ ၂၀၂၄ ခုနှစ် ဇွန်လ နွေစပါးပေါ်ချိန်က အကြမ်းအုပ်စုမှာ ပါဝင်တဲ့ စပါးတွေ တင်း ၁၀၀ ကို ကျပ် ၂,၁၁၀,၀၀၀ အထိ ဈေးပေါက်ခဲ့ပြီး အခုနှစ် ဇွန်လထဲမှာ အကြမ်းအုပ်စုမှာပါဝင်တဲ့ စပါးတင်း ၁၀၀ ကို ကျပ် ၁,၄၀၅,၀၀၀ အထိ ဈေးကျဆင်းနေတယ်လို့ ဆိုပါတယ်။

ရေကြည်မြို့နယ်က တောင်သူတယောက်က “အရင့်အရင်နှစ်တွေက ပေါက်တဲ့ဈေးနဲ့ မယှဉ်နဲ့ဦး၊ မနှစ်ကဈေးနဲ့ပဲ ယှဉ်ပါဦး၊ စပါဈေးက အဆမတန် ကျနေတာ။ စပါးဈေးက တရုတ် အပါအဝင် ပြည်ပဈေးကွက်ကို မှီတည်နေတာကို။ တရုတ်က ဈေးမပေးရင် ကျနော်တို့တောင်သူတွေ ဘယ်လောက်စိုက်စိုက် အကျိုးမဖြစ်ဘူး။ ဒီနှစ် ၅ ဧကစိုက်ထားတဲ့ စပါး ၆၀၀ ကျော် အရှုံးပေါ်သွားတယ်၊ အကြွေးလည်း တင်နေပါပြီ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ စပါးဈေးကျဆင်းလို့ အရှုံးပေါ်နေတဲ့အပြင် ပြီးခဲ့တဲ့ နွေစပါးစိုက်ပျိုးရာသီက ဒေးဒရဲ၊ ဟင်္သာတ၊ သာပေါင်း၊ မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မ၊ ဘိုကလေး၊ မအူပင်၊ ဖျာပုံ၊ ကျိုက်လတ်၊ မော်လမြိုင်ကျွန်း စတဲ့ မြို့နယ်တွေမှာ စပါးအပင်ဖျက် ရွှေခရုတွေ ကျရောက်မှု ဖြစ်ပေါ်ခဲ့လို့ စပါးခင်းတွေ ပျက်စီးခဲ့ပြီး စပါးတွေ အထွက်နှုန်း အဆမတန် ကျဆင်းခဲ့တယ်လို့ သိရပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်က ဒေသခံတောင်သူတယောက်က “ဒီနှစ် အတော်လေးရှုံးတယ်၊ ၁ ဧကကို ၄ သိန်းရှုံးတယ်။ ဘယ်လွယ်မလဲ ၁၀ ဧကရှိတဲ့သူက သိန်း ၄၀ လောက် ရှုံးနေပြီ။ အခုနှစ် အလုပ်သမားခတွေကလည်း အရင်ထက် တော်တော်တက်လာတယ်။ အခုနှစ် ပိုးသတ်ဆေးဈေးတွေကလည်း ကြီးတော့ လူတိုင်း ဆေးတအား မသုံးနိုင်ကြဘူး။ အရင်နှစ်ထက် တော်တော်ရှုံးနေတယ်” လို့ ပြောပါတယ်။

အခုနှစ် နွေစပါးစိုက်ပျိုးရာသီမှာ စပါးစိုက်ခင်း တဧက အတွက် ကုန်ကျစရိတ်အနေနဲ့ စက်မောင်းခငွေ ကျပ် ၁၂၀,၀၀၀၊ စပါးမျိုးစေ့ဖိုး ငွေကျပ် ၁၇၅,၀၀၀၊ သွင်းအားစု ကုန်ကျစရိတ် ကျပ် ၃၅၀,၀၀၀၊ ရေတင်ခ ကျပ် ၁၆၅,၀၀၀၊ ရိတ်သိမ်းခ ကျပ် ၁၈၅,၀၀၀ ကုန်ကျခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဧရာဝတီတိုင်းက ဒေသခံတွေဟာ ဆန်စပါးကို အများဆုံး စိုက်ပျိုးထုတ်လုပ်ပြီး အသက်မွေးဝမ်းကြောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်နေတဲ့ တိုင်းဒေသကြီးတခုဖြစ်ပြီး မိုးစပါးစိုက်ဧက ၃၇ သိန်းကျော်နဲ့ နွေစပါးစိုက်ဧက ၁၄ သိန်းကျော်အထိ နှစ်စဉ် စိုက်ပျိုးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013