
DVB
စစ်ခေါင်းဆောင်က ဒီနှစ်ကုန်ပိုင်းမှာ အထွေထွေရွေးကောက်ပွဲလုပ်မယ်လို့ ပြောပေမဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးအချို့မှာ လုံခြုံရေးအခြေအနေ မတည်ငြိမ်တာကြောင့် တိုင်းစစ်ဌာနချုပ်တွေမှာ အီလက်ထရောနစ်မဲပေးစနစ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဩဇာခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က (UEC) က လိုက်လံ သရုပ်ပြနေပါတယ်။
တိုင်းစစ်ဌာနချုပ်မှာ တိုင်းမှူးက အရာရှိ၊ စစ်သည်၊ ဌာနဆိုင်ရာဝန်ထမ်းနဲ့ နိုင်ငံရေးပါတီတွေကို စုစည်းပေးရပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲရုံမှာ အီလက်ထရောနစ်မဲပေးစက် ( MEVM) တပ်ဆင်တာ၊ မဲပေးတာ၊ မဲရလဒ်ရေတွက်တာနဲ့ မဲရလဒ်စာရင်းပြုစုနည်းတွေကို ရှင်းပြပေးရတာလို့ ကျိုင်းတုံတပ်နယ်နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
“ရှမ်းပြည်က တိုင်းစစ်ဌာနချုပ် ၄ ခု ရှိတော့ ဇွန် ၁၇ ရက်က တသခမှာ MEVM မဲပေးစက်နဲ့ ပတ်သက်ပြီး သရုပ်ပြတယ်။ ဇွန်လ ၁၃ ရက်က ရပခ နဲ့ ၁၁ ရက်က ရလခမှာ မလုပ်ရသေးတာ ရမခပဲ ကျန်တော့တယ်၊ တိုင်းစစ်ဌာနချုပ်တွေရှင်းပြဖို့ UEC က အဖွဲ့ဝင် ဦးအောင်လွင်ဦး ကို တာဝန် ပေးထားတာ"လို့ ပြောပါတယ်။
တပ်နယ်မှူးတွေရဲ့ တင်ပြချက်အရ စစ်ခေါင်းဆောင်က ရွေးကောက်ပွဲကျင်းပမယ့် မြို့နယ် ၂၆၇ မြို့နယ်ကို ရွေးကောက်ပွဲကော်မရှင်ကို ပေးပို့ ပြီး သတ်မှတ်ခဲ့ပေမဲ့ မြေပြင်မှာတည်ငြိမ်မှု မရှိတဲ့ မြို့တွေရှိနေလို့ လုံခြုံရေးအရ တိုင်းစစ်ဌာနချုပ်တွေမှာလုပ်ရတာလို့ UEC နဲ့နီးစပ်တဲ သတင်းအရင်းအမြစ်က ပြောပါတယ်။
“လုံခြုံရေးအခြေအနေအရ စစ်တပ်ထဲမှာပဲ မဲပေးစက်နဲ့ ရှင်းပြတာများတယ်။ လက်မခံတဲ့မြို့ နယ်တွေ ဒေသတွေရှိတယ်။ ၂၆၇ မြို့နယ်လို့ သတ်မှတ်ထားပေမဲ့ အဲ့ဒီထဲက မြို့ ၃၀ လောက်က မတည်ငြိမ်ဘူး။ အဲ့တော့ စစ်တပ်က မဲပေးစက်နဲ့ ပတ်သတ်ပြီးသရုပ်ပြဖို့ တိုင်းစစ်ဌာနချုပ်တွေကို ရွေးလိုက်တာ။”
တည်ငြိမ်အေးချမ်းသည့်မြို့နယ်တွေမှာ ရွေးကောက်ပွဲပြုလုပ်သွားမှာဖြစ်ပြီး အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ ကျောင်းသား၊ ကျောင်းသူတွေပါ မဲပေးနိုင်ရေးအတွက် စာသင်ကျောင်းတွေ ရွေး ကောက်ပွဲ ဥပဒေကိုပါ သင်ပေးဖို့ ဇွန် ၁၁ ရက်က ပြင်ဦးလွင်တပ်နယ်မှာ စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။
စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် ပါတီ ၄၉ ပါတီရှိကာ အဲ့ဒီ
အထဲက ၉ ပါတီက တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ပြိုင်မှာဖြစ်ပြီး ကျန်တဲ့ပါတီ ၄၀ က ပြည်နယ်တိုင်းဒေသကြီးတွေမှာပဲ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။