
တရုတ် ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေ မြန်မာနိုင်ငံကို ရောက်လာပြီဖြစ်တဲ့အတွက် ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု လိုင်စင်လျှောက်ထားကြဖို့ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က ဇွန် ၁၉ ရက်မှာ ပြောပါတယ်။
နေပြည်တော်မှာ မနေ့ကပြုလုပ်တဲ့ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေး ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် ၁/၂၀၂၅ မှာ ပြောဆိုခဲ့တာပါ။
ဒီအစည်းအဝေးမှာ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က ဇွန် ၁၈ ရက်က ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုလိုင်စင် လျှောက်ထားခြင်းဆိုင်ရာ ညွှန်ကြားချက်ကို ထုတ်ပြန်ကြေညာပြီး ဖြစ်တဲ့အတွက် လိုင်စင်လျှောက်ထားကြဖို့ ပြောဆိုခဲ့တာပါ။
မန္တလေး၊ စစ်ကိုင်းနဲ့ ရခိုင်ပြည်နယ်က တရုတ်လုပ်ငန်းတွေကို ကာကွယ်ဖို့အတွက် တရုတ်ကြေးစားလက်နက်ကိုင်တွေ မေလအတွင်းက ရောက်ရှိနေတဲ့အတွက် ဇွန်လအတွင်း လိုင်စင်ချပေးဖို့ စီစဥ်တာလို့ နေပြည်တော် သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“စစ်တပ်က လုံခြုံရေးကုမ္ပဏီတချို့ ရောက်နေတာ ကြာပြီ၊ စစ်တပ်က တရုတ်လုပ်ငန်းရှိတဲ့နေရာ ကာကွယ်ပေးမယ် ပြောပေမဲ့ တရုတ်က မယုံဘူး။ သူတို့လုပ်ငန်းတွေကို သူတို့ပဲ ကာကွယ်ချင်တယ်။ အဲဒါကြောင့် လိုင်စင်ချပေးမှရမယ်။ အခုချပေးမယ့် တရုတ်ကုမ္ပဏီတွေကို ချပေးပြီးမှ ပြည်တွင်းကအဖွဲ့တွေ ချပေးတာ၊ ပြည်တွင်းအဖွဲ့ စစ်တပ်နဲ့ နီးစပ်သူတွေပဲ။”
လိုင်စင်လျှောက်မယ့် တရုတ်ကုမ္ပဏီတွေက နေပြည်တော်မှာ တိုက်ရိုက်လျှောက်ထားခွင့်ရှိပြီး ပြည်တွင်းကုမ္ပဏီတွေအနေနဲ့ လုံခြုံရေးဝန်ထမ်း ၁၀ ယောက်အထက် ထားမယ်ဆိုပါက တိုင်းအစိုးရနဲ့ နယ်လုံဝန်ကြီးရဲ့ သဘောထားမှတ်ချက် တောင်းခံရမယ်လို့ သူက ဆက်ပြောပါတယ်။
တရုတ်ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေ မြန်မာနိုင်ငံမရောက်မီ အခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်မှာ စစ်ခေါင်းဆောင်က လက်နက်ကိုင်ဆောင်ခွင့်ပါတဲ့ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ဒီအဖွဲ့မှာ ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က ဥက္ကဋ္ဌ ဖြစ်ပါတယ်။
ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုမှာ ပြစ်မှု၊ ပြစ်ဒဏ်များရှိပြီး ပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ် ၁ နှစ်ကနေ ၃ နှစ်အထိ ကျခံရမှာဖြစ်သလို ငွေဒဏ်အနေနဲ့ ကျပ် သိန်း ၁၀၀ ကနေ သိန်း ၃,၀၀၀ အထိ ပေးဆောင်ရမှာဖြစ်ပါတယ်။