
မက္ကဆီကိုအလယ်ပိုင်းရှိ ဇာကာတက်ကာစ်မြို့မှာ ဒေသခံရဲတပ်ဖွဲ့နဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီးနောက် ရာဇဝတ်သားတွေလို့ သံသယရှိသူ ၁၃ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း မက္ကဆီကိုအာဏာပိုင်တွေက ဇွန် ၁၇ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပြည်နယ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေ စစ်ဆင်ရေးဆောင်ရွက်နေတဲ့ ဗီယာနွေးဗာခရိုင်မှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့တာပါ။
ပြည်သူ့လုံခြုံရေးဝန်ကြီးရဲ့ ပြောကြားချက်အရ တိုက်ခိုက်သူ ၁၃ ယောက် သေဆုံးခဲ့ကြောင်း ပဏာမအစီရင်ခံတွေအရ သိရတယ်လို့ ဆိုပါတယ်။
ဥပဒေစိုးမိုးရေး အရာရှိတွေ ဘယ်သူမှ ထိခိုက်ဒဏ်ရာရ သေဆုံးမှု မရှိကြောင်း ပြည်နယ်အစိုးရ အတွင်းရေးမှူး ရိုဒရီဂို ရေယက်စ်ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြထားပါတယ်။
ဇာကာတက်ကာစ်မြို့ဟာ လတ်တလောနှစ်တွေအတွင်း ပြိုင်ဘက် ရာဇဝတ်ဂိုဏ်းတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေအကြား ထိပ်တိုက်တွေ့မှုတွေကြောင့် အကြမ်းဖက်မှုရဲ့ အဓိကနေရာတခု ဖြစ်နေပါတယ်။
Source: Reuters