
ထိုင်း နဲ့ ကမ္ဘောဒီးယားနယ်စပ်အငြင်းပွားမှု ပြဿနာဖြေရှင်းရေးအတွက် ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်နဲ့ ကမ္ဘောဒီးယားနိုင်ငံအကြီးအကဲ ဟွန်ဆန်တို့ ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်က တယ်လီဖုန်းနဲ့ အလွတ်သဘော ပြောဆိုဆွေးနွေးခဲ့ပါတယ်။
အဆိုပါပြောဆိုချက်တွေကို ဟွန်ဆန်ဘက်က အသံဖမ်းထားပြီး ဇွန် ၁၈ ရက် မွန်းလွဲပိုင်းက လူမှုကွန်ရက်မှာ ဖြန့်ဝေလိုက်ရာမှာ ဖဲထောင်းထန်းက ထိုင်းစစ်တပ်ပေါ် အပြစ်ပုံချသလို ပြောဆိုထားတဲ့ အချက်တွေ ပါတာကြောင့် ထိုင်းအစိုးရအဖွဲ့ဝင်၊ ထိုင်းပါတီနဲ့ ပြည်သူတွေကြားမှာ မကျေမနပ်မှုတွေ ဖြစ်လာပါတယ်။
၉ မိနစ်ကြာ ဖြန့်ဝေလိုက်တဲ့ အသံဖိုင်မှာ ဖဲထောင်းထန်းက သူ့ကိုယ်သူ တူမ လို့သုံးပြီး ဟွန်ဆန်ကို အန်ကယ် လို့ခေါ်တယ်၊ အခုဖြစ်နေတဲ့ အခြေအနေမှာ ထိုင်းပြည်သူတွေက သူ့ကို ကမ္ဘောဒီးယား ဝန်ကြီးချုပ် သွားလုပ်ဖို့ မောင်းထုတ်နေတယ်၊ လွန်စွာအပြောဆိုခံနေရလို့ စာနာစေချင်တယ်လို့ ပြောပါတယ်။
ဟွန်ဆန်က “ဒီပြဿနာဟာ ထိုင်းစစ်တပ်ဘက်က နယ်စပ်ဂိတ် ပိတ်လိုက်လို့ ဖြစ်ရတာ၊ ကမ္ဘောဒီးယားတပ်က နောက်ဆုတ်ပေမဲ့ ထိုင်းစစ်တပ်က မဆုတ်ဘဲ နယ်စပ်ပေါက်တွေ ပိတ်ပစ်တာ” လို့ ဆိုပါတယ်။
ဖဲထောင်းထန်းကတော့ “အန်ကယ် ကျမတို့နဲ့ ဆန့်ကျင်တဲ့အဖွဲ့ စကားကို နားမယောင်ပါနဲ့၊ အမှတ် ၂ စစ်တိုင်းမှူးက ကျမတို့နဲ့ ဆန့်ကျင်ဘက်က ဖြစ်တယ်၊ အန်ကယ် ဖြစ်စေချင်တာ ပြောပါ။ ကျမ စီစဉ်ပေးပါ့မယ်” လို့ ပြောဆိုခဲ့ပါတယ်။
အဆိုပါအသံဖိုင်ပေါ် ဝေဖန်မှုတွေ မြင့်တက်နေချိန် ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်းကလည်း မဆိုင်းမတွ သတင်းစာရှင်းလင်းခဲ့ပါတယ်။ အဲဒါဟာ အလွတ်သဘော ပြောဆိုခြင်းသာဖြစ်ပြီး အများ ပြည်သူကို ချပြဖို့ မဟုတ်ဘူး၊ တိုင်းပြည်ငြိမ်းချမ်းရေးကို အဓိကရှေးရှုပြောဆိုခဲ့တယ်၊ ပြောဆိုဆွေးနွေးမှု အဆင်ပြေချောမွေ့စေဖို့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှုကိုပါ အသုံးပြုရတယ်၊ အန်ကယ်လို့ ခေါ်တာက အဖေ ဝန်ကြီးချုပ်လက်ထက်ကတည်းက အဲဒီလိုပဲ ပုံမှန်ပဲ။ စစ်တပ်နဲ့ ပတ်သက်တဲ့ အသုံးအနှုန်းကတော့ ဆွေးနွေးညှိနှိုင်းတာ အောင်မြင်ဖို့ ပရိယာယ်သုံးရတာလို့ ဆိုပါတယ်။
ကမ္ဘောဒီးယားဘက်က လိုလားတာကတော့ နယ်စပ်ဂိတ်ပေါက်တွေကို နဂိုအတိုင်း ပြန်ဖွင့်စေချင်တယ်။ ဒါကြောင့် နှစ်ဖက်လုံးဂိတ်တွေ တပြိုင်တည်း ပြန်ဖွင့်မယ်၊ ပူးတွဲသတင်းစာ ရှင်းလင်းမယ်လို့ သဘောတူတယ်၊ ဒီကြားထဲမှာ အခုလို တရားမဝင် အသံဖိုင်ထွက်ပေါ်လာတော့ ကျမလည်း ကမ္ဘောဒီးယားအကြီးအကဲကို အယုံအကြည် မရှိတော့ဘူး၊ သူဟာ ကမ္ဘောဒီးယား ပြည်သူတွေရဲ့ ထောက်ခံမှုကို ပိုလိုချင်လို့ အခုလိုလုပ်တာလို့ ယူဆကြောင်း ဝန်ကြီးချုပ် ဖဲထောင်းထန်းက ပြောပါတယ်။
အမှတ် - ၂ စစ်တိုင်းမှူး ဗိုလ်ချုပ် ဝင်းဆင် ဖတ်ကလန် ကတော့ သူ့အနေနဲ့ ဘာပြဿနာမှမရှိကြောင်း၊ ဝန်ကြီးချုပ်က ဖုန်းဆက်ပြီး တောင်းပန်လာတယ်၊ အများပြည်သူအကျိုးအတွက် လုပ်ရတာဖြစ်လို့ နားလည်ပေးတယ်၊ ပုံမှန်တာဝန်ဝတ္တရားတွေ ထမ်းဆောင်နေပါတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
ဒီကနေ့ ဇွန် ၁၉ ရက်မှာလည်း ဝန်ကြီးချုပ် ဖဲထောင်းထန်က ပျံ့နှံ့သွားတဲ့ အသံဖိုင်အတွက် ပြည်သူတွေကို တောင်းပန်ကြောင်း၊ အစိုးရနဲ့ စစ်တပ်ဟာ တသားတည်းရှိနေပြီး တိုင်းပြည်အကျိုး ကိစ္စအဝဝကို ပူးပေါင်းကြိုးစားဆောင်ရွက်သွားမယ်၊ ဒီအချိန်ဟာ အချင်းချင်း ပြစ်တင်ပြောဆိုနေရမယ့်အချိန် မဟုတ်၊ နိုင်ငံ့အချုပ်အခြာအာဏာကို ပူးပေါင်းကာကွယ်ရမယ့်အချိန် ဖြစ်တယ်၊ ပြည်သူတရပ်လုံးလည်း စည်းလုံးညီညွတ်ရမယ်လို့ ထုတ်ပြန်ပြောဆိုပါတယ်။
ဒါပေမဲ့ ထိုင်းနိုင်ငံရေးပါတီဘက်က ပုဂ္ဂိုလ်တွေ၊ လူမှုအဖွဲ့အစည်းနဲ့ ပြည်သူတွေကတော့ ဝန်ကြီးချုပ် ဖဲထောင်းထန်းရဲ့ ပြောဆိုချက်အပေါ် အပြင်းအထန် ဝေဖန်ပြီး လွှတ်တော်ဖျက်သိမ်းဖို့၊ ဖဲထောင်းထန်း ဝန်ကြီးချုပ်ရာထူးကနေ နုတ်ထွက်ဖို့ ဖိအားပေးနေကြပါတယ်။
နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို အသက်နဲ့ရင်းပြီး ကာကွယ်စောင့်ရှောက်သွားမယ်ဆိုတဲ့ အမှတ် ၂ စစ်တိုင်းမှူးရဲ့ ပြောဆိုချက်ကို ထိုင်းဆယ်လီတွေ၊ အနုပညာရှင်တွေကပါ ထောက်ခံကြောင်း၊ စစ်တိုင်းမှူးဘက်မှာ နေတယ်ဆိုတဲ့ ဟက်ချ်တက်တွေလည်း ထိုင်းလူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။
ထိုင်းနိုင်ငံပြုပြင်ပြောင်းလဲရေး ကျောင်းသားနဲ့ ပြည်သူ့ကွန်ရက် (PDRC) အဖွဲ့ဟာ ဒီကနေ့မနက်က ဘန်ကောက် အစိုးရအိမ်တော်ရှေ့မှာ လာရောက်စုဝေးပြီး ဖဲထောင်းထန်း ရှင်နာဝပ် ဝန်ကြီးချုပ်ရာထူးကနေ နုတ်ထွက်ပေးဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
ဝန်ကြီးချုပ် ဖဲထောင်းထန်းရဲ့ ပြောဆိုချက်တွေဟာ တိုင်းပြည်အကျိုးထက် သူမကို လူတွေ အပြစ်မတင်အောင် ကူညီပေးဖို့ ဟွန်ဆန်ကို အကူအညီတောင်းနေတာ၊ အမှန်က တိုင်းရေးပြည်ရာကိစ္စမှာ တူမ နဲ့ ဦးလေး ပုံစံ မဟုတ်ဘဲ နိုင်ငံ့ခေါင်းဆောင်ချင်း ဆွေးနွေးတဲ့ ပုံစံဖြစ်ရမယ်၊ ထိုင်းနဲ့ ကမ္ဘောဒီးယားဟာ တသက်လုံး အတူယှဉ်တွဲနေထိုင်ရမယ့် အိမ်နီးချင်းတွေ ဖြစ်တယ်၊ နှစ်ဖက် နယ်စပ်က ပြည်သူတွေဟာလည်း ဆွေမျိုးသားချင်းတွေ ဖြစ်တယ်။ အချင်းချင်းဖြစ်တဲ့ပြဿနာ ကမ္ဘာ့တရားရုံးထိ မရောက်စေဘဲ အချင်းချင်းညှိနှိုင်းဖို့ ပြောရမှာ ဖြစ်တယ်။ အခုလို ဟွန်ဆန်ကို ခယတောင်းပန်တဲ့ပုံက နိုင်ငံ့အကြီးအကဲသိက္ခာ ကျဆင်းစေတယ်လို့ ထိုင်းဆန့်ထိုင်းပါတီ ခေါင်းဆောင် ဆူဒါရတ် ကေယုလားဖန်းက ပြောပါတယ်။
ညွန့်ပေါင်းအစိုးရထဲ ပါဝင်ခဲ့တဲ့ ဖုမ်ကျိူင်ထိုင်းပါတီကလည်း ထွက်ပေါ်လာတဲ့ အသံဖိုင်ဟာ ထိုင်းနိုင်ငံရဲ့ အချုပ်အခြာ၊ ရေမြေ၊ တိုင်းပြည်အကျိုးနဲ့ စစ်တပ်အပေါ် ထိခိုက်မှုရှိတယ်။ ထိုင်းနိုင်ငံရဲ့ သိက္ခာကျဆင်းအောင် ပြောဆိုခဲ့တဲ့ ဝန်ကြီးချုပ်အနေနဲ့ ကိုယ့်စကားကိုယ် တာဝန်ယူဖို့၊ သူတို့အနေနဲ့ စစ်တပ်ကို အားပေးပြီး ဇွန် ၁၉ ရက်နေ့ကစ လက်ရှိအစိုးရအဖွဲ့မှ တရားဝင် နုတ်ထွက်ကာ အတိုက်အခံပါတီအနေနဲ့ တိုင်းပြည်တာဝန်ထမ်းဆောင်သွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
ပြည်ထဲရေးဝန်ကြီးဖြစ်တဲ့ ဖုမ်ကျိုင်းထိုင်းပါတီဥက္ကဋ္ဌ အနုထင်း ချန်းဝီရကွန်းဟာ ဇွန် ၁၈ ရက်နေ့ကတည်းက ဝန်ကြီးရုံးခန်းထဲက သူ့ကိုယ်ပိုင်ပစ္စည်းတွေ သိမ်းဆည်းပြီး ထွက်ခွာခဲ့ပြီ ဖြစ်ပါတယ်။ ဒီမတိုင်ခင်ရှေ့က ပြည်ထဲရေးဝန်ကြီးရာထူးကို ဖွေ့ထိုင်းပါတီက ပြန်တောင်းပြီး သူ့ကို ပညာရေးဝန်ကြီးဘက် ပို့မယ်လို့ ပြောကတည်းက မကျေမချမ်းဖြစ်နေတာပါ။
လက်ထောက်လွှတ်တော်ဥက္ကဋ္ဌ ဖြစ်သူ နိုင်းဖာရာဒွန် ပရီဆနာကလည်း လွှတ်တော်ဥပဒေမှာ မိခင်ပါတီက ဘယ်လိုပြောင်းပြောင်း လွှတ်တော်အကြီးအကဲ ရာထူးရထားသူကတော့ နေမြဲတိုင်း နေခွင့်ရှိပေမဲ့ သူဟာ ဖုမ်ကျိုင်ထိုင်းပါတီကနေ ရွေးကောက်ပွဲဝင်ပြီး အနိုင်ရခဲ့တာကြောင့် ပါတီဥက္ကဋ္ဌနဲ့အတူ လိုက်ပြီး နုတ်ထွက်ပါကြောင်း ဒီကနေ့ ဇွန် ၁၉ ရက်မှာ သတင်းစာရှင်းပါတယ်။
အလားတူ အစိုးရအဖွဲ့ထဲရော၊ လွှတ်တော်ထဲမှာပါ ရာထူးရထားတဲ့ ဖုမ်ကျိုင်ထိုင်းပါတီဝင် အသီးသီး ကလည်း ရာထူးမှ နုတ်ထွက်ကြောင်း ဝန်ကြီးချုပ်ထံ စာတင်ပြထားကြပြီလို့ ဆိုပါတယ်။
အတိုက်အခံပါတီခေါင်းဆောင်လည်းဖြစ်၊ ပြည်သူ့ပါတီခေါင်းဆောင်လည်းဖြစ်တဲ့ နာ့သ်ဖုန်း ရိန်း ပန်းယားဝုဒ်ကလည်း ထွက်ပေါ်လာတဲ့ အသံဖိုင်က ဝန်ကြီးချုပ်ရဲ့ စီမံအုပ်ချုပ်မှုကို ပြည်သူတွေရဲ့ သဒ္ဓါစိတ်နဲ့ အယုံအကြည် ကျဆင်းစေတယ်။ ဖွေ့ထိုင်းပါတီ ဦးဆောင်တဲ့ အစိုးရသက်တမ်း ၂ နှစ်တာ ကာလအတွင်း မဲဆွယ်စဉ်က ပေးခဲ့တဲ့ ကတိတွေအတိုင်း မဆောင်ရွက်နိုင်ခဲ့ဘူး၊ အခြေခံဥပဒေ ပြင်မယ့်ကိစ္စလည်း မလုပ်နိုင်ဘူး၊ စစ်တပ်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု မလုပ်နိုင်ဘူး၊ စီးပွားရေး တိုးတက်အောင်လည်း မဆောင်ရွက်နိုင်ဘူး၊ လက်ရှိ ကမ္ဘောဒီးယား နယ်စပ်အငြင်းပွားမှု ပြဿနာလည်း မဖြေရှင်းနိုင်ဘူး၊ ဒါကြောင့် တိုင်းပြည်အတွက် အကောင်းဆုံးထွက်ပေါက်က ဝန်ကြီးချုပ်အနေနဲ့ တာဝန်ကနေ နုတ်ထွက်ဖို့ ဒါမှမဟုတ် လွှတ်တော်ဖျက်သိမ်းဖို့ပဲလို့ ဒီကနေ့ ဇွန် ၁၉ ရက် သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။
ထိုင်းဥပဒေအရ လွှတ်တော်ဖျက်သိမ်းပါက ရွေးကောက်ပွဲ ပြန်လုပ်ရမှာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် နုတ်ထွက်ရင်တော့ ယခင်ရွေးကောက်ပွဲက ဝန်ကြီးချုပ်အဖြစ် အဆိုပြုထားသူတွေထဲက ပြန်လည်ရွေးကောက်တင်မြှောက်ရမှာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်အဖြစ် ဝင်ရောက်ရွေးချယ်ခံခွင့် ရှိသူတွေမှာ ဖွေ့ထိုင်းပါတီမှ နိုင်းချိုင်းကဆဲမ် နိသီဆီရီ၊ ဖုမ်ကျိုင်းထိုင်းပါတီမှ နိုင်းအနုထင်း ချန်းဝီရကွန်း၊ လုမ့်ထိုင်းဆန့်ချတ်ပါတီမှ ဗိုလ်ချုပ်ကြီး ပရာယုဒ် ကျန်အိုးချား နဲ့ နိုင်းဖီရဖန်း ဆာလိရတ်ဝိဖတ်၊ ဒီမိုကရက်ပါတီမှ နိုင်းကျူရင်း လတ်ဆနဝိဆစ် နဲ့ ဖလန်းပချားရတ်ပါတီမှ ဗိုလ်ချုပ်ကြီး ပရဝုဒ် ဝုန်းဆုဝမ် (နာရီများရှင်) တို့ဖြစ်ပါတယ်။
Source - 3Miti News / The Reporters / Thai Crime Online