
ဘရာဇီးနိုင်ငံဟာ စီးပွားဖြစ် မွေးမြူရေးခြံတွေမှာ ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုး ကင်းစင်ကြောင်း ကြေညာလိုက်ပြီလို့ ဘရာဇီး စိုက်ပျိုးရေးဝန်ကြီးဌာနက ဇွန် ၁၈ ရက်မှာ ပြောပါတယ်။
ကမ္ဘာ့အကြီးဆုံး ကြက်သားတင်ပို့တဲ့ ဘရာဇီးနိုင်ငံဟာ စီးပွားဖြစ် မွေးမြူရေးခြံတွေကို ၂၈ ရက်တာ စောင့်ကြည့်ကာလအတွင်း ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှု အသစ်မရှိကြောင်း တွေ့ရှိရပြီးနောက်အခုလို ကြေညာလိုက်တာပါ။
ဘရာဇီးစိုက်ပျိုးရေးဝန်ကြီး ကားလော့စ် ဖာဗာရိုက “ကြက်ငှက်တုပ်ကွေးအတွက် ကျန်းမာရေးကန့်သတ်ကာလ ပြီးဆုံးသွားပြီဖြစ်ပြီး လိုအပ်တဲ့ နည်းလမ်းတွေ အားလုံးကို လိုက်နာခဲ့ပြီးပါပြီ။ ဘရာဇီးဟာ ကြက်ငှက်တုပ်ကွေးရောဂါ ကင်းစင်သွားပြီ ဖြစ်ကြောင်းကို ကိုယ်တိုင်ကြေညာလိုက်တဲ့ အကြောင်းကိုလည်း ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (WOAH) ကို အသိပေးခဲ့ပါတယ်” လို့ ပြောပါတယ်။
ဘရာဇီးရဲ့စနစ်ဟာ တိရစ္ဆာန်ကျန်းမာရေးနဲ့ ပတ်သက်လာရင် အလွန်အရည်အချင်း ပြည့်မီကြောင်းလည်း ဆိုပါတယ်။
ပြီးခဲ့တဲ့လက ရီယိုဂရန်ဒီဒိုဆူးလ် ပြည်နယ်မှာ မွေးမြူရေးခြံတခုမှာ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကို တွေ့ရှိခဲ့ပြီးနောက်မှာ အဲဒီဖြစ်ရပ်ကို ထိန်းသိမ်းနိုင်ခဲ့ပြီး အရည်အသွေး၊ ဘေးကင်းရေးနဲ့ နိုင်ငံတဝန်းမှာ ဗိုင်းရပ်စ်မပြန့်ပွားစေဖို့ ကာကွယ်နိုင်ခဲ့တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။
လက်ရှိ ကုန်သွယ်မှုစည်းမျဉ်းတွေအရ တရုတ်နဲ့ တခြား သွင်းကုန်နိုင်ငံတွေဟာ ကမ္ဘာလုံးဆိုင်ရာ ကြက်သားကုန်သွယ်မှုရဲ့ ၃၉ ရာခိုင်နှုန်းရှိတဲ့ ဘရာဇီးမှ ကြက်သားတင်သွင်းမှုကို ပိတ်ပင်ထားတာဖြစ်ပြီး ရောဂါထိန်းချုပ်ဖို့နဲ့ တခြား စီးပွားဖြစ် ကြက်မွေးမြူရေးခြံတွေမှာ ဗိုင်းရပ်စ်ဝင်ရောက်မှုကို တားဆီးရေး အစီအမံတွေ အောင်မြင်လာချိန်အထိ ဆိုင်းငံ့ထားကြတာ ဖြစ်ပါတယ်။
နောက်ထပ်အဆင့်ကတော့ ဘရာဇီးနိုင်ငံဟာ သူ့ရဲ့ ကုန်သွယ်မိတ်ဖက်တွေနဲ့ ကြက်သားတင်ပို့ရေး ပုံမှန်ကုန်သွယ်မှုကို ပြန်လည်စတင်ဖို့ဖြစ်ပြီး ဘရာဇီးနဲ့ ကုန်သွယ်မှုကို ကန့်သတ်ထားတဲ့ နိုင်ငံတွေနဲ့ ထိထိရောက်ရောက် ဆွေးနွေးဖို့ စတင်နေပါပြီလို့ စိုက်ပျိုးရေးဝန်ကြီး ကားလော့စ် ဖာဗာရိုက ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။
ဘရာဇီးနိုင်ငံအတွက် အလွန်ပြင်းထန်တဲ့ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်ပိုး HPAI ကင်းစင်တဲ့အဆင့်ကို ပြန်ရယူခြင်းဟာ အလိုအလျောက်မဖြစ်နိုင်ဘဲ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (WOAH) က အတည်ပြုပေးရမှာဖြစ်ကြောင်း အဖွဲ့ရဲ့ လမ်းညွှန်ချက်အရ သိရပါတယ်။
ဘရာဇီးနိုင်ငံရဲ့ ပထမဆုံး ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုဟာ မွန်တီနီဂရိုးမြို့ရှိ ကြက်မွေးမြူရေးခြံမှာ စတင်ခဲ့ပြီး အဲဒီမှာ ကြက်ကောင်ရေ ၁၇,၀၀၀ ကို သုတ်သင်ရှင်းလင်းခဲ့ပါတယ်။
Source: Reuters