
အမေရိကန်နိုင်ငံမှာ ကျင်းပနေတဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို စိတ်ဝင်စားမှု နည်းပါးနေပြီး ပရိသတ်ကြည့်ရှုမှု ကျဆင်းနေတယ်လို့ သိရပါတယ်။
စနစ်သစ်နဲ့ ကျင်းပတဲ့ အခုနှစ် ကလပ်ကမ္ဘာ့ဖလားမှာ အသင်းအရေအတွက် ၃၂ သင်းအထိ တိုးမြှင့်လိုက်တာကြောင့် ပွဲအရေအတွက်လည်း တိုးမြင့်လာတာပါ။
ဒါပေမဲ့ ကွင်းထဲကိုလာကြည့်တဲ့ ပရိသတ်ဦးရေ အလွန်နည်းပါးနေပြီး ပြိုင်ပွဲပြောင်းလဲကျင်းပတဲ့ ဖီဖာအတွက် အရှက်ရစရာဖြစ်ကြောင်း မီဒီယာတွေက ဖော်ပြကြပါတယ်။
ဇွန် ၁၇ ရက် အင်္ဂါနေ့က အော်လန်ဒိုမှာ ကစားခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပွဲစဉ်မှာ ပရိသတ် ၆၀၀ ဝန်းကျင်လောက်သာ လာရောက်ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။
ချဲလ်ဆီးနဲ့ LA တို့ ကစားခဲ့တဲ့ ပွဲစဉ်မှာလည်း ပရိသတ် ၇၅,၀၀၀ ဝင်ဆံ့တဲ့ကွင်းမှာ ပရိသတ် ၂၂,၀၀၀ လောက်သာ လာရောက်ကြည့်ရှုခဲ့ကြတာပါ။
တောင်ကိုရီးယားကလပ် အူဆန်နဲ့ တောင်အာဖရိကလပ် ဆန်းဒေါင်းစ်အသင်းတို့ရဲ့ ကလပ်ကမ္ဘာ့ဖလားပွဲစဉ်ကို သတင်းရယူခဲ့တဲ့ ဂျာနယ်လစ် မက်ဇာဟီကတော့ ကွင်းထဲမှာ ပရိသတ် ၉၇ ယောက်သာ ရှိတာကို ရေတွက်ကြည့်ခဲ့ကြောင်း၊ ပွဲကစားဖို့ ၁၀ မိနစ်အလိုမှာတော့ ပရိသတ် ၅၅၇ ယောက်ရှိခဲ့ကြောင်း ဆိုရှယ်မီဒီယာမှာ ရေးတင်ခဲ့ပါတယ်။
ဒါပေမဲ့ ဖီဖာဘက်ကတော့ အဆိုပါပွဲစဉ်မှာ ပရိသတ် ၃,၄၁၂ ယောက် ရှိခဲ့ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။