
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်မှာ စစ်ကောင်စီတပ်က ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးရာမှာ တော်လှန်ရေးရဲဘော်တွေနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုပါ ရောပြီး မီးရှို့ခဲ့ကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) ၃၆၀၁ တပ်ရင်းက ဇွန် ၁၈ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၆ ရက် မနက် ၁၁ နာရီလောက်က ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာသော အင်အား ၁၀၀ လောက်ပါ စစ်ကောင်စီ စစ်ကြောင်းအား တော်လှန်ရေးတပ်က ပေါင်းတည်မြို့နယ်၊ နွားသိုးရွာနဲ့ နွေးတောင်ရွာကြားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄ ယောက် သေဆုံးပြီး ၃ ယောက်ထက်မနည်း ဒဏ်ရာရရှိသွားကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က DVB ကို ပြောပါတယ်။
“တိုက်ပွဲဖြစ်တာက ၃ နာရီလောက် ကြာတယ်။ ကျနော်တို့ဘက်က စနိုက်ပါတွေ၊ လက်နက်ငယ်တွေနဲ့ပါ ပစ်တာ၊ ကိုက် ၂၀၀ ဝန်းကျင်လောက်ပဲ ဝေးတယ်။ အဲဒီမှာ စနိုက်ပါနဲ့ပစ်တာ တယောက် သေတယ်၊ ကျန်တဲ့ ၃ ယောက်က တိုက်ပွဲမှာ ကျည်ထိပြီး သေသွားတာ။ သူတို့က အဲဒီ သေသွားတဲ့ အလောင်းတွေ ပြန်သယ်သွားပြီး နွားသိုရွာနဲ့ နွေတောင်ရွာက ပြည်သူနေအိမ် ၉ လုံးကို မီးရှို့တော့ အဲဒီ သေသွားတဲ့ စစ်သားအလောင်းတွေပါ ထည့်ရှို့ခဲ့တာ။”
အဆိုပါစစ်ကြောင်းဟာ ရုပ်ဆိုင်ရွာက ပြည်သူ ၂၀ ဝန်းကျင်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရဲဘော် Shadow က ဆိုပါတယ်။
“တိုက်ပွဲမှာတော့ ပြည်သူတွေ မထိခိုက်ပါဘူး။ ၁၇ ရက်နေ့က သူတို့ အားလုံးပြန်လွတ်လာတယ်။ တိုက်ပွဲမှာတော့ စစ်တပ်က ၆၀ မမ၊ ၄၀ မမတွေပါ ပစ်တယ်၊ ကျနော်တို့ဘက်ကတော့ ထိခိုက်မှုမရှိပါဘူး။ တိုက်ပွဲဖြစ်ပြီးစစ်ကြောင်းက ပေါက်ခေါင်းဘက်ကို ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။”
ပေါင်းတည်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ကျေးရွာ ၂၀ ထက်မနည်းက ပြည်သူတွေ စစ်ရှောင်နေရတယ်လို့ ပေါင်းတည်မြို့နယ်မှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အမျိုးသားတယောက်က ပြောပါတယ်။
“ရိုးမအစပ်က ရွာအများစုကတော့ စစ်ရှောင်နေရတယ်။ တိုက်ပွဲကလည်း ထပ်ဖြစ်လာဖို့ များတယ်၊ ခု စကစ စစ်ကြောင်းကလည်း အိုင်ဇောက်ရွာနဲ့ ကံကြီးရွာဘက်ကို ပြန်စစ်ကြောင်းထိုး နေတယ်ကြားတယ်၊ အဲဒီအနီးနားက ရွာတွေတော့ အကုန်စစ်ရှောင်နေရတယ်။”
အခုတိုက်ပွဲတွင် ဗျူဟာ အမှတ် (၂၁) လက်အောက်ခံ ၃၆၀၁ တပ်ရင်း စနိုက်ပါအဖွဲ့နဲ့ တပ်ရင်း စစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။