
ကရင်ပြည်နယ်အတွင်း လိုင်စင်မဲ့ ဆိုင်ကယ်၊ မော်တော်ယာဥ်တွေနဲ့ ဖမ်းဆီးနေတာကြောင့် ကျေးလက်နေပြည်သူတွေဟာ ကျန်းမာရေး၊ စီးပွားရေးအပြင် လမ်းပန်းဆက်သွယ်ရေးမှာပါ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မြို့မိမြို့ဖတွေက ပြောပါတယ်။
မေ ၂၀ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီအဖွဲ့ရဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ စစ်ခေါင်းဆောင်က လိုင်စင်မဲ့ကားနဲ့ လိုင်စင်မဲ့ ဆိုင်ကယ် စီးနင်းနေတာတွေကို ဖော်ထုတ်ဖမ်းဆီးဖို့ ညွှန်ကြားခဲ့တာကြောင့် ဇွန် ၁ ရက်နေ့ကစတင်ပြီး ကရင်ပြည်နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်နဲ့ကားတွေ ဖမ်းဆီးခဲ့ပါတယ်။
မြို့မိမြို့ဖတယောက်က “ဖမ်းနေတုန်းပဲ။ အခုက ဘားအံတမြို့လုံးက အပြင်မထွက်ရဲတော့ ခြောက်ကပ်သွားပြီ။ နောက်ဆုံးတော့ ရွာတွေ သွားရေးလာရေး ကျန်းမာရေးအတွက်တို့၊ ဈေးလာတာတို့ အကုန်လုံးတိုင်ပတ်ကုန်တယ်။ အကုန်လုံး ဒုက္ခရောက်တာပေါ့။ ဈေးဝယ်တာတို့ အကုန်လုံး ရပ်ကုန်တယ်။ ထိတာက ရွာကလူတွေ ထိတာများတယ်။ ဈေးဝယ်လာတာတွေ ဘုမသိ ဘမသိနဲ့ တက်လာတာ။ လမ်းပန်းဆက်သွယ်ရေး အရင်ကလိုမျိုး ရှောရှောရှူရှူ မဖြစ်တော့ဘူး။ ဒီအချိန် ဒီအခါမှာ မလုပ်သင့်ဘူး။ တိုင်းပြည်က သဘာဝဘေးကဖြစ်တာနဲ့” လို့ ပြောပါတယ်။
လိုင်စင်မဲ့ယာဉ်တွေ ဖမ်းဆီးတာကြောင့် ဘားအံမြို့တွင်း သွားလာရာမှာ အရင်တက္ကစီခ ကျပ် ၃,၀၀၀ ကို အခုကျပ် ၆,၀၀၀ ပေးရပြီး အိုးဝေယာဉ်တွေဆို ကျပ် ၁၀,၀၀၀ ပေးနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လက်ရှိမှာလည်း ကုန်စည်တင်ယာဉ်တွေ သွားလာမှုလျော့နည်းလာတာကြောင့် ဘားအံမြို့မှာ ထိုင်းနိုင်ငံထုတ် စားသောက်ကုန်တွေဟာ တမျိုးကို ကျပ် ၅၀၀ ကနေ ကျပ် ၁,၀၀၀ အထိ ဈေးနှုန်းတွေ မြင့်တက်နေပါတယ်။ ဒါအပြင် လိုင်စင်မဲ့ယာဉ်တွေ ဖမ်းဆီးနေတာကြောင့် ကျန်းမာရေး၊ ပညာရေးတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့ခံတယောက်က “ကျန်းမာရေး ပညာရေးအတွက်ဆိုရင် တော်တော်လေး ခက်ခဲတာပေါ့။ ကျန်းမာရေးတွေဆို တော်ရုံတန်ရုံ ဆေးရုံတွေ ဆေးခန်းတွေ လာပြဖို့ အဆင်မပြေတော့ဘူး။ အရင်တုန်းကဆို လူနာတွေဆိုရင် ဆေးရုံ ဆေးခန်းမှာ အများကြီးပဲ။ လာပြနိုင်တယ်။ ကားတွေ ဆိုင်ကယ်တွေ အခက်အခဲတွေကြောင့်မို့လို့ လာပြလို့ မနိုင်ကြတော့ဘူး။ ဆင်းရဲသားတွေဆိုရင် ကားခတင် မနည်းဘူး ပေးနေရတော့ ကျန်းမာရေး ကုသဖို့အတွက်လည်း ခက်ခဲတယ်။ နောက် ကျောင်းကြို ကျောင်းပို့ကအစ ကလေးတွေက မိုးတွင်းက ဖြစ်ပြန်တော့ ကျောင်းကြို ကျောင်းပို့ကအစ အဆင်မပြေတော့ဘူး” လို့ ပြောပါတယ်။
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ကတဆင့် မြန်မာတနိုင်ငံလုံးကို လိုင်စင်မဲ့မော်တော်ယာဉ်တွေနဲ့ ကုန်စည်တွေ ဝင်ရောက်ဖို့ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေကို ငွေကြေးပေးဆောင်ပြီး အဓိက တင်သွင်းနေတာလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၅ ရက်နေ့ ညကစပြီး ဘားအံမြို့မှာ ထိုင်းနိုင်ငံထုတ် ကုန်စည်တွေ တင်ဆောင်လာတဲ့ ကုန်တင်ယာဉ် ၃၆၂ စီးကို မော်လမြိုင် အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးအမိန့်နဲ့ ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံထားရတဲ့ ကုန်တင်ယာဉ် ၃၆၂ စီးထဲက တရားဝင် ကုန်စည်တွေ တင်ဆောင်လာတာ ဟုတ်၊ မဟုတ် ပြည်နယ်အကောက်ခွန်ဦးစီးဌာနက စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။