DVB Logo
Home
မြန်မာသတင်း
ဝိုင်းမော်နှင့် အင်းတော်ကြီးဒေသ၌ စစ်ရေးတင်းမာနေ
DVB
·
June 17, 2025
ဝိုင်းမော်နှင့် အင်းတော်ကြီးဒေသ၌ စစ်ရေးတင်းမာနေ
Donate to DVB

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာနဲ့ မိုးညင်းမြို့နယ် အင်းတော်ကြီးဒေသက ဟဲပု၊ ဟဲပါး ကျေးရွာတွေမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက် စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။

ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာတွေကနေ ကချင်လွတ်လပ်ရေးတပ်မတော် ထိန်းချုပ်ထားတဲ့ နေရာတွေကို စစ်ကောင်စီက ဝိုင်းမော်ဘက်ခြမ်းမှာ စစ်အင်အားစုစည်းပြီးတော့ ထိုးစစ်ဆင်တာတွေ ပြုလုပ်နေပြီး နှစ်ဖက် စစ်ရေးတင်းမာနေတယ်လို့ ဝိုင်းမော်မြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။

စစ်ကောင်စီနဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တွေက တလအတွင်း ထိုးစစ် ၃ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး လက်ရှိအချိန်မှာ မြေပြင်တိုက်ပွဲတွေ မရှိပေမဲ့လည်း လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်တာတွေ ရှိနေတယ်လို့ ပြောပါတယ်။

“ဒီတလအတွင်းကတော့ သူတို့(စကစ) ဝိုင်းမော်ဘက်မှာ အင်အားစုပြီးတော့ သုံး လေးကြိမ်လောက် လာပြီး ထိုးစစ်ပြုလုပ်တာရှိတယ်။ သူတို့လည်း ရရင် ရသလောက် ရှေ့တိုးနေတယ်။ ဒီရက်ပိုင်းတွေကတော့ သူတို့ လက်နက်ကြီးနဲ့ပစ်ရင် ကိုယ်ကလည်း ပြန်ပစ်၊ အဲဒီလို နှစ်ဖက် အပြန်အလှန် ပစ်ခတ်တာတွေတော့ ရှိနေတယ်။”

စစ်ကောင်စီဘက်ကလည်း နှစ်ဖက် စစ်ရေးတင်းမာနေတဲ့ လမြန်ပတ်ဝန်းကျင်ကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

မြေပြင်တိုက်ပွဲတွေက စစ်ကောင်စီဘက်က ထိုးစစ်ဆင်ပြုလုပ်တဲ့ အချိန်မှာသာ ဖြစ်ပွားလေ့ရှိတယ်လို့လည်း သိရပါတယ်။

မိုးညင်းမြို့နယ်ထဲက အင်းတော်ကြီးအိုင် ဘေး ဝဲ ယာ ကျေးရွာတွေကို စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်တွေ မတ်လကတည်းက စစ်ရေးပြင်ဆင်မှုတွေ ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။

မေလမှာ အင်းတော်ကြီးအိုင် အရှေ့ခြမ်းက ကချင်လွတ်မြောက်ရေးတပ်မတော် တပ်စွဲထားတဲ့ ဆနွင်းကုန်းရွာကို စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်တွေ ရောက်ရှိခဲ့ပြီးနောက် ဆက်လက်ထိုးစစ်ဆင်နေရာကနေ ဟဲပု၊ ဟဲပါး ကျေးရွာတွေမှာ တပတ်အတွင်း နှစ်ဖက် မြေပြင်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဟဲပု၊ ဟဲပါး ကျေးရွာကနေ တိမ်းရှောင်နေတဲ့ အမျိုးသမီးတယောက်ဆီကနေ သိရပါတယ်။

ဟဲပုကျေးရွာ ပတ်ဝန်းကျင်တွေမှာ လက်ရှိအချိန် မြေပြင်တိုက်ပွဲတွေ မရှိပေမဲ့လည်း နှစ်ဖက် စစ်ရေးတင်းမာနေဆဲဖြစ်ပြီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလာနိုင်တဲ့ အခြေအနေတွေ ဖြစ်တယ်လို့ ပြောပါတယ်။

“အခုရက်ပိုင်းကတော့ ပြန်ငြိမ်နေတယ် ကြားတယ်၊ လွန်ခဲ့တဲ့ သုံးလေးရက်တွေက တိုက်ပွဲတွေ ပြင်းထန်တယ်လို့ ပြောရမယ်၊ စစ်တပ်(စကစ)တွေ တက်လာတော့။ အခုက ငြိမ်နေတဲ့ အနေအထားပဲ၊ စစ်တပ်က ဆုတ်သွားပြီလို့လည်း မကြားသေးဘူးဆိုတော့ တိုက်ပွဲက ပြန်ဖြစ်လာနိုင်တယ်။ အဲဒါနဲ့ ကျမတို့လည်း ခဏ ရှောင်နေလိုက်တယ်။”

စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်တွေက အင်းတော်ကြီးအိုင် အနောက်ခြမ်းက ကချင်လွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်ထားတဲ့ မိုင်းနောင်နဲ့  မိုင်းကိုင်ကျေးရွာတွေ ဘက်ကိုလည်း စစ်ရေးလှုပ်ရှားနေပြီး နှစ်ဖက် စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီက အင်းတော်ကြီး ဘေးဝဲယာက ကချင်လွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်တဲ့ နယ်မြေတွေကို ပြန်လည်ထိန်းချုပ်လိုတာကြောင့် SNA နဲ့အတူ စစ်ကြောင်းထိုးနေတာ ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဆနွင်းကုန်းကျေးရွာတဝက်ကိုလည်း စစ်ကောင်စီနဲ့ SNA တပ်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဆနွင်းကုန်းရွာနဲ့ ဟဲပု၊ ဟဲပါးကျေးရွာက ပြည်သူတွေကလည်း ဘေးလွတ်ရာကျေးရွာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013