DVB Logo
Home
မြန်မာသတင်း
CDM မလုပ်ဘဲ ပြစ်မှုကျူးလွန်ခဲ့သူများကို အရေးယူရန် ဥပဒေပြဋ္ဌာန်း
DVB
·
June 15, 2025
CDM မလုပ်ဘဲ ပြစ်မှုကျူးလွန်ခဲ့သူများကို အရေးယူရန် ဥပဒေပြဋ္ဌာန်း
Donate to DVB

CDM နိုင်ငံ့ဝန်ထမ်းတွေကို ဂုဏ်ပြုချီးမြှင့်ဖို့နဲ့ CDM မလုပ်ဘဲ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ပြစ်မှုကျူးလွန်ခဲ့သူတွေကို အရေးယူဖို့ ဥပဒေကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ပြဋ္ဌာန်းလိုက်ပါတယ်။

အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေကို ဇွန် ၁၃ ရက်မှာ ပြဋ္ဌာန်းထုတ်ပြန်လိုက်ပြီး CDM ဝန်ထမ်းတွေကို လေးစားဂုဏ်ပြုအပ်တဲ့ ဝန်ထမ်းကောင်းတွေအဖြစ် အသိအမှတ်ပြုဖို့နဲ့ ထိထိရောက်ရောက်ဂုဏ်ပြုချီးမြှင့်ဖို့၊ နစ်နာမှုတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေကို ရှာဖွေဖော်ထုတ်ပြီး ပြန်လည်ကုစားပေးတာ၊ အမှန်တရားနဲ့ တရားမျှတမှု ရှာဖွေဖော်ထုတ်တဲ့ အစီအမံတွေလုပ်ဖို့၊ CDM မလုပ်တဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ဥပဒေနဲ့အညီ စိစစ်ပြီး သူတို့ရဲ့ ပြုလုပ်မှု၊ ပျက်ကွက်မှုတွေအပေါ် အရေးယူဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြဋ္ဌာန်းတာဖြစ်ပါတယ်။

အစိုးရဟာ CDM ဝန်ထမ်းတွေကို ဂုဏ်ပြုထိုက်သူတွေအဖြစ် အသိအမှတ်ပြုဖို့နဲ့ တော်လှန်ရေးမှာ အသက် ဒါမှမဟုတ် ကိုယ်အင်္ဂါ အစိတ်အပိုင်းတခုခု ပေးဆပ်ခဲ့ကြတဲ့ CDM နိုင်ငံ့ဝန်ထမ်းတွေနဲ့ အကျဉ်းကျခံခဲ့ရတဲ့ CDM နိုင်ငံ့ဝန်ထမ်းတွေကို အထူးဂုဏ်ပြုထိုက်သူတွေအဖြစ် အသိအမှတ်ပြုရမယ် လို့ ဆိုပါတယ်။

ပြီးတော့ CDM နိုင်ငံ့ဝန်ထမ်းတွေကို ဂုဏ်ထူးဆောင်ဘွဲ့နဲ့ ဂုဏ်ထူးဆောင်တံဆိပ်တွေ ချီးမြှင့်ဂုဏ်ပြုဖို့၊ ရာထူးတွေတိုးပေးဖို့နဲ့ ရာထူးတိုးဆိုင်ရာ သတ်မှတ်ချက်တွေ ဖြေလျှော့ပေးဖို့၊ CDM နိုင်ငံ့ဝန်ထမ်းတွေရဲ့ ကိုယ်စားပြုအလံနဲ့ အမှတ်တံဆိပ် (Logo)၊  ရင်ထိုးတံဆိပ် သတ်မှတ်ရမှာဖြစ်သလို နေ့ရက်တခု သတ်မှတ်ပြီး အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ဖို့၊ ပြတိုက်နဲ့ ရုပ်တုတွေ တည်ဆောက်ဖို့၊ ပညာရေးသင်ရိုးညွှန်းတမ်းတွေမှာ ထည့်သွင်းဖို့ စတာတွေလည်း ပြဋ္ဌာန်းပါတယ်။

အန်အယ်လ်ဒီအစိုးရလက်ထက် ဌာနဆိုင်ရာအရာရှိကြီးတယောက်က “CDM တွေအတွက် တရားမျှတမှုကို ပြန်လည်ယူဆောင်ပေးနိုင်ဖို့ ဘယ်လို ကြိုးပမ်းအားထုတ်မှုမျိုးမဆို ဘယ်အဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုမျိုးကိုမဆို အားပေးထောက်ခံပါတယ်” လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ် ဧပြီလကုန်အထိ CDM မှာ မပါဝင်ခဲ့သူတွေကိုတော့ အာဏာသိမ်းကာလအတွင်း ရခဲ့တဲ့ ရထူးတွေတရားမဝင်ကြောင်းနဲ့ ပြည်တွင်းပြည်ပစာမေးပွဲရလဒ်တွေကို လက်မခံကြောင်း သတ်မှတ်ထားပြီး သူတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ ပျက်ကွက်မှုတွေအလိုက် ရာထူးက ထုတ်တာ၊ တည်ဆဲဥပဒေအရ အရေးယူတာတွေလုပ်ဖို့ အခု ဥပဒေမှာ သတ်မှတ်ထားပါတယ်။

သတ်မှတ်ကာလကျော်မှ CDM လုပ်လာသူတွေအနေနဲ့ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ တင်ပြရင် CDM အဖြစ် သတ်မှတ်မှ ဖြစ်သလို CDM မလုပ်ပေမယ့် တော်လှန်ရေးကို ထိထိရောက်ရောက် ကူညီခဲ့တဲ့ အထောက်အထားရှိရင်တော့ အရေးယူတာကနေ ကင်းလွတ်ခွင့်ရနိုင်မယ်လို့ ဆိုပါတယ်။

ဥပဒေပါအချက်တွေကို အကောင်အထည်ဖော်ဖို့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကိုလည်း ဖွဲ့ရမှာဖြစ်ပြီး ဒီဥပဒေကို နိုင်ငံတဝန်းမှာဖြစ်ဖြစ်၊ တစိတ်တဒေသမှာဖြစ်ဖြစ် အာဏာသက်ရောက်စေဖို့ သမ္မတက အမိန့်ထုတ်ရမှာ ဖြစ်ပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဗဟိုစည်းရုံးရေးကော်မတီကတော့ တော်လှန်ရေးတရပ် ဆင်နွှဲရာမှာ နိုင်ငံရေးဗျူဟာက အရေးကြီးပြီး အင်အားစုကို စုစည်း၊ ကြားလူကို စည်းရုံး၊ ရန်သူ့လူတွေကိုပါ ကိုယ့်ဘက်သားဖြစ်လာဖို့ ကြိုးစားဆောင်ရွက်ရမှာ ဖြစ်ပေမယ့် CRPH ရဲ့ အခုဥပဒေကတော့ တော်လှန်ရေးလိုအပ်ချက်နဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတာကို ဝမ်းနည်းဖွယ် တွေ့မြင်ရတယ်လို့ ဇွန် ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။

CDM မှာ မပါတဲ့သူတွေကို အရေးယူရာမှာ ပြည်သူလူထုအပေါ် သူတို့ ကျူးလွန်တဲ့ ပြစ်မှုတွေအတိုင်း အရေးယူရမှာဖြစ်ပြီး CDM လှုပ်ရှားမှုမှာမပါဝင်တဲ့ ဝန်ထမ်းတိုင်းကို အရေးယူတာဟာ ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့လည်း ကွဲလွဲနေတယ်လို့ ဆိုပါတယ်။

အခုဥပဒေ မပြဋ္ဌာန်းခင်ကပဲ တော်လှန်ရေးဒေသတွေမှာ Non-CDM ဝန်ထမ်းတွေနဲ့ ကျောင်းသားကျောင်းသူတွေကို ခွဲခြားဆက်ဆံတာ၊ ပြစ်ဒဏ်ပေးတာတွေ အများအပြား ဖြစ်ခဲ့ပြီးဖြစ်လို့ အခုလို ဥပဒေထုတ်တာက ပိုဆိုးတဲ့နောက်ဆက်တွဲ အကျိုးဆက်တွေကို ဖိတ်ခေါ်ရာရောက်နေတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013