
စစ်ကောင်စီတပ်သားတွေ ကြည့်ရှုဖို့အတွက် ရိုက်ကူးထားတဲ့ ဗိုလ်လေးရုပ်ရှင်ကို လူမှုကွန်ရက်မှာ အခမဲ့ဖြန့်ချိထားတယ်လို့ ရုပ်ရှင်ရိုက်ကူးသူ ဒါရိုက်တာ မောင်ကောင်းက DVB ကို ပြောပါတယ်။
မြေပြင်တိုက်ပွဲတွေမှာ တပ်မတော်သားတွေကြုံတွေ့နေရတဲ့ အခြေအနေတွေကို ရိုက်ကူးထားတဲ့ ဗိုလ်လေးရုပ်ရှင်ကို တပ်မတော်သားတွေကြည့်ရှုနိုင်ဖို့အတွက် အခမဲ့ဖြန့်ချိထားတာလို့ ဆိုပါတယ်။
ဒီဇာတ်လမ်းဟာ ၂၀၂၃ ခုနှစ်က ချင်းပြည်နယ် ရေဇွာမြို့သိမ်းတိုက်ပွဲအတွင်း တပ်ကူပေးပို့ဖို့ အထက်အရာရှိကို တောင်းဆိုထားတဲ့ လူမှုကွန်ရက်မှာ ထွက်ပေါ်လာတဲ့အသံဖိုင်ကို ပြန်လည် ရိုက်ကူးထားတာပါ။
ဒီရုပ်ရှင်ကို ရိုက်ကူးထုတ်လုပ်ဖို့ တနှစ်ကျော်လောက် အချိန်ယူခဲ့ရကာ သရုပ်ဆောင်အဖြစ် CDM စစ်သားတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပါဝင်ထားတယ်လို့ သိရပါတယ်။
ဒါရိုက်တာ မောင်ကောင်းက “ဗိုလ်လေးလို့သာ ရိုက်ရှာလိုက်ရင် သူ့ရဲ့ Video File တွေ အကုန်ကျလာမယ်ပေါ့နော်။ ရည်ရွယ်ချက်ကိုက ဒီကားကိုများများပြန့်စေချင်တာ၊ များများပြန့်ပြီးတော့ စကစဘက်က အောက်ခြေစစ်သားတွေဆီကို ရောက်စေချင်တာ၊ သူတို့ကို သူတို့ရဲ့ အထက်လူကြီးတွေက ဘယ်လိုနိုင့်ထက်စီးနင်းလုပ်ချင်လဲ၊ သူတို့ရဲ့ အသက်တွေကို ဘယ်လိုတန်ဖိုးမထားလဲ ဆိုတဲ့ဟာမျိုး၊ သူတို့ကို မြင်စေချင်တာပေါ့နော်။ ဒီကားကို လူများများကြည့်ဖို့ပဲ ရည်ရွယ်ချက်ရှိတယ်။ ပြန်ရမယ့် အကျိုးအမြတ်က ဘာလဲဆိုတော့ ဒီဟာကို ကြည့်ပြီးတော့ စိတ်ယိုင်တဲ့သူပေါ့လေ၊ ဆုံးဖြတ်ချက်မပြတ်သားတဲ့ အချိန်မှာ ဒီကားကိုကြည့်ပြီး ဆုံးဖြတ်ချက်ပြတ်သွားတာပဲ ဖြစ်ဖြစ် တွန်းအားတခုခု ဖြစ်စေချင်တာပါ။ အဲ့အတွက်ကြောင့် ဒီကားကို အွန်လိုင်းပေါ်မှာဖရီး အကုန်လုံးကို ပေးထားပါတယ်။ သတင်းဌာနတွေအနေနဲ့လည်း တင်ချင်တယ်ဆိုရင် Video File လာတောင်းလို့ ရပါတယ်၊ တတ်နိုင်သမျှ သူတို့လက်ထဲ ရောက်စေချင်တာပါ” လို့ ပြောပါတယ်။ဒီရုပ်ရှင်ကို ထိုင်း-မြန်မာနယ်စပ်က ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ စခန်းကုန်းမှာ ရိုက်ကူးခဲ့ရတယ်လို့ သိရပါတယ်။