DVB Logo
Home
မြန်မာသတင်း
နမ္မတူဘော်တွင်းတွင် ကျောင်းပိတ်ထားသဖြင့် ကလေး ၅၀၀ ကျော် ပညာရေးနောက်ကျနေ
DVB
·
June 13, 2025
နမ္မတူဘော်တွင်းတွင် ကျောင်းပိတ်ထားသဖြင့် ကလေး ၅၀၀ ကျော် ပညာရေးနောက်ကျနေ
Donate to DVB

TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ ဘော်တွင်း သတ္တုတွင်းနယ်မြေမှာရှိတဲ့ စာသင်ကျောင်းတွေကို ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ခုနှစ် ပညာသင်နှစ်ကတည်းက ပိတ်ထားရတာကြောင့် အထက်တန်း၊ အလယ်တန်းနဲ့ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ ၅၀၀ ကျော်ဟာ ပညာရေးနောက်ကျနေရတယ်လို့ ကျောင်းသားမိဘတွေက DVB ကို ပြောပါတယ်။

နမ္မတူဘော်တွင်းနယ်မြေနဲ့ ကျားစခန်းဒေသမှာရှိတဲ့ စာသင်ကျောင်းတွေ ပိတ်ထားရတာ ပညာသင်နှစ် တနှစ်ဝန်းကျင် ရှိနေပြီ ဖြစ်ပါတယ်။

လက်ရှိ ၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ်မှာလည်း ကျောင်းတွေ ပြန်လည်မဖွင့်လှစ်နိုင်သေးတဲ့ အဓိက အကြောင်းရင်းဟာ တအာင်းအမျိုးသားပညာရေးကော်မတီ (TNEC) နဲ့ ညှိနှိုင်းမရသေးတာကြောင့် ဖြစ်တယ်လို့ ကျောင်းသားမိဘတွေက ဆိုပါတယ်။

ကျောင်းသားမိဘတယောက်က “KIA ကတော့ ကျောင်းဖွင့်ခွင့်ပြုတယ်။ အဓိက ဖြစ်နေတာက TNEC နဲ့ ညှိမရလို့ ကျောင်းက ပိတ်ထားရတာ ပြီးခဲ့တဲ့ ပညာသင်နှစ်ကတည်းကပဲ။ ဒီနှစ်လည်း ပြန်မဖွင့်နိုင်သေးဘူး။ အဲဒီတော့ ဘော်တွင်းနဲ့ ကျားစခန်း ၂ ခုပေါင်း ကျောင်းနေအရွယ်ကလေး ၅၀၀ ကျော်လောက် ပညာရေးမှာ နောက်ကျနေပြီ” လို့ DVB ကို ပြောပါတယ်။

ဘော်တွင်းနဲ့ ကျားစခန်းမှာ TNEC က ကျောင်းဖွင့်မယ်ဆိုရင် ကျောင်းသားမိဘတွေက ပညာသင်စရိတ် နှစ်စဉ်ကြေးတွေ ပေးသွင်းရမှာဖြစ်ပါတယ်။

နမ္မတူမြို့ကို TNLA တအာင်းတပ်က သိမ်းပိုက်ပြီး နောက်ပိုင်း ဘော်တွင်းမှာ သတ္တုတူးဖော်ရေးတွေ ရပ်ဆိုင်းသွားပါတယ်။

အခုလက်ရှိ လုပ်ငန်းရပ်ဆိုင်းနေတယ်ဆိုပေမဲ့ သတ္တုတွင်းဝန်ထမ်းတွေကိုတော့ လုပ်ပိုင်ခွင့်ရထားတဲ့ ဝင်းမြင့်မိုရ် ကုမ္ပဏီက အခြေခံထောက်ပံ့ကြေးတွေ ထုတ်ပေးထားဆဲ ဖြစ်ပါတယ်။

ကုမ္ပဏီကပေးနေတဲ့ ထောက်ပံ့ကြေးဟာ စားဝတ်နေရေးအတွက်တောင် လုံလောက်မှု မရှိတာကြောင့် ကျောင်းအပ်နိုင်ဖို့ ငွေကြေးမရှိကြဘူးလို့လည်း ဆိုပါတယ်။

ကျောင်းသားမိဘတယောက်က “ကျောင်းဖွင့်ရင် ကျောင်းသားတဦးကို အထက်တန်းဆို ၂၀၀,၀၀၀၊ အလယ်တန်းဆို ၁၅၀,၀၀၀၊ မူလတန်းဆို ၁၀၀,၀၀၀ သွင်းရမှာ။ အိမ်မှာ ကျောင်းသားများရင် ဘယ်တတ်နိုင်မလဲ။ လုပ်ငန်းတွေကလည်း ရပ်ဆိုင်းထားတယ်။ ကုမ္ပဏီက ပေးထားတဲ့ ထောက်ပံ့ကြေးကလည်း စားလို့မလောက်ဘူး။ ဒီမှာ ဆန်ကြမ်းတအိတ်ကို ၁၅၀,၀၀၀ ကနေ ၂၀၀,၀၀၀ ကြားရှိတယ်။ ကုန်ဈေးနှုန်းကလည်း ကြီးမှကြီး။ အဲဒါကြောင့် မိသားစုတိုင်းလိုလို ချီးချောင်းမှာ ဘော်ကျောက်ရှာပြီး စားဝတ်နေရေး ဖြေရှင်းနေရတယ်” လို့ ပြောပါတယ်။

ဘော်တွင်းနဲ့ ကျားစခန်းနယ်မြေဟာ သတ္တုတူးဖော်ရေးဝန်ထမ်း ဗမာလူမျိုးတွေ အများဆုံးနေထိုင်တဲ့ဒေသ ဖြစ်တာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပညာရေးစနစ်အောက်မှာ ပညာသင်ကြားချင်တဲ့ ကျောင်းသားမိဘတွေ ပိုများနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး TNEC ကို ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနကတော့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အရ၊ ဖက်ဒရယ်ပညာရေးမူဝါဒအရ နမ္မတူမြို့နယ်၊ ဘော်တွင်းကျေးရွာအုပ်စုအတွင်းက ပြည်သူ့အခြေပြု စာသင်ကျောင်းကိစ္စကို တအာင်းပညာရေးကောင်စီ (TLEC) နဲ့ ချိတ်ဆက်ဆောက်ရွက်ဖို့ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၆ ရက်မှာ အကြောင်းကြားစာ ထုတ်ထားပါတယ်။

နမ္မတူမြို့ကို TNLA တအာင်းတပ်က ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း သိမ်းပိုက်ခဲ့ပြီး ဘော်တွင်းနဲ့ ကျားစခန်းဒေသကို KIA ကချင်တပ်နဲ့ PDF တပ်တွေက သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ အခုလက်ရှိ အဲဒီဒေသကို KIA ကချင်တပ်နဲ့ TNLA တအာင်းတပ်တို့က အုပ်ချုပ်နေတာပါ။

ဘော်တွင်းကျေးရွာမှာ အထက်တန်းကျောင်း တကျောင်း၊ မူလတန်းလွန်ကျောင်း ၂ ကျောင်း၊ ကျားစခန်းကျေးရွာမှာ အလယ်တန်း တကျောင်းနဲ့ မူလတန်း တကျောင်း ရှိပါတယ်။

ဘော်တွင်းနဲ့ ကျားစခန်းကျေးရွာ ၂ ခုပေါင်း လူဦးရေ ၂,၅၀၀ ကျော်ရှိပြီး အဲဒီထဲက ကျောင်းနေအရွယ် ၅၀၀ ကျော်မှာ ကျောင်းတွေပိတ်ထားတာကြောင့် ပညာရေးမှာ နောက်ကျနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013