
ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး ၂ နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်ကြားက ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေကို လျှော့ချနိုင်ဖို့ အခြေခံမူဘောင်အရ သဘောတူညီမှု ရခဲ့ကြောင်း သိရပါတယ်။
အမေရိကန်ကုန်သွယ်ရေးဝန်ကြီး ဟောင်းဝက်ဒ် လတ်နစ်ခ် ကတော့ အဲဒီသဘောတူညီချက်အရ မြေရှားသတ္တုနဲ့ သံလိုက်အပေါ် ပေကျင်းရဲ့ ကန့်သတ်ထားမှုကို ပြေလည်စေလိမ့်မယ်လို့ ပြောကြားပါတယ်။
ဒါပေမဲ့လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် တို့ရဲ့ ခွင့်ပြုချက်ရဖို့အတွက် နှစ်ဖက်စလုံးက သဘောတူထားတဲ့ အစီအစဉ်ကို တင်ပြရဦးမယ်လို့ ဆိုပါတယ်။
ဗြိတိန်မြို့ လန်ဒန်မှာ ပေကျင်းနဲ့ ဝါရှင်တန် ထိပ်တန်းအရာရှိတွေကြား ညှိနှိုင်းခဲ့ကြပြီးနောက် အခုလိုမျိုး ကြေညာခဲ့တာ ဖြစ်ပါတယ်။
၂ ရက်တာ အစည်းအဝေးအတွင်း ခေတ်ပေါ်နည်းပညာအတွက် အရေးပါတဲ့ မြေရှားသတ္တုကို တရုတ်ဘက်က ပြန်တင်ပို့ရေးဟာ အဓိကထား ဆွေးနွေးခဲ့တဲ့ အကြောင်းအရာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့လမှာ အမေရိကန်နဲ့ တရုတ်ကြားက သွင်းကုန်ခွန်စည်းကြပ်မှုကို ယာယီရပ်ဆိုင်းထားဖို့ သဘောတူခဲ့ပေမဲ့လည်း ချိုးဖောက်မှုတွေရှိခဲ့ကြောင်း အပြန်အလှန် စွပ်စွဲထားပါတယ်။
တရုတ်နိုင်ငံဟာ စမတ်ဖုန်းကနေ လျှပ်စစ်ကားအထိ ထုတ်လုပ်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ မြေရှားသတ္တုနဲ့ သံလိုက်တင်ပို့မှုကို အချိန်ဆွဲနေခဲ့တယ်ဆိုပြီး ဝါရှင်တန်အနေနဲ့ စွပ်စွဲထားပါတယ်။
တချိန်တည်းမှာပဲ အမေရိကန်ဘက်က AI နဲ့ဆက်စပ်တဲ့ တပိုင်းလျှပ်ကူးပစ္စည်းလိုမျိုး ထုတ်ကုန်တွေ အပါအဝင် တခြားနည်းပညာတွေကိုပါ ပေကျင်းဆီမရောက်အောင် တင်းကျပ်ထားပါတယ်။
တရုတ်ကုန်သွယ်ရေး ဒု-ဝန်ကြီး လီချန်ဂန်း ကတော့ “ဇွန်လ ၅ ရက်နေ့ ဖုန်းဆက်ပြောဆိုမှုအတွင်း နှစ်နိုင်ငံခေါင်းဆောင်ကြား ရရှိခဲ့တဲ့ သဘောတူညီချက်နဲ့ ဂျီနီဗာ အစည်းအဝေးမှာ ရလာတဲ့ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ရာ နှစ်ဖက်စလုံးအနေနဲ့ အခြေခံကျတဲ့မူဘောင်တခု ရရှိခဲ့တယ်” ဆိုပြီး မှတ်ချက်ပြုပါတယ်။
အဲဒီနောက် လတ်နစ်ခ် ကလည်း “သမ္မတတွေ ခွင့်ပြုပြီးတာနဲ့ ဒါကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းသွားမယ့်အကြောင်း” ဖြည့်စွက်ပြောပါတယ်။
တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနဘက်က မြေရှားသတ္တုတင်ပို့ခွင့် လိုင်စင်အတွက် လျှောက်ထားချက်တချို့ကို ခွင့်ပြုပေးပြီးဖြစ်ကြောင်း ပြီးခဲ့တဲ့စနေနေ့မှာ အတည်ပြုပေမဲ့လည်း ဘယ်နိုင်ငံတွေ ပါဝင်တယ် ဆိုတာမျိုးတော့ အသေးစိတ် ဖော်ပြခဲ့ခြင်း မရှိပါဘူး။
Source: Reuters