DVB Logo
Home
မြန်မာသတင်း
ဆီဆိုင်ဒေသခံ ၆,၀၀၀ ကျော်ကို PNO ပြည်သူ့စစ်က  အဓမ္မ ရွှေ့ပြောင်းခိုင်း
DVB
·
June 11, 2025
ဆီဆိုင်ဒေသခံ ၆,၀၀၀ ကျော်ကို PNO ပြည်သူ့စစ်က  အဓမ္မ ရွှေ့ပြောင်းခိုင်း
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တောင်ရှေ့ကျေးရွာအုပ်စုနဲ့ နောင်ကျောကျေးရွာအုပ်စုရှိ ရွာ ၈ ရွာက ရွာသား ၆,၀၀၀ ကျော်ကို PNO ပြည်သူ့စစ်က ရွာကနေ အဓမ္မ ရွှေ့ပြောင်းခိုင်းခဲ့တယ်လို့ ကျေးရွာခံတွေဆီက သိရပါတယ်။

အဲဒီကျေးရွာခံတွေကို ဇွန် ၇ ရက်မှာ PNO ပြည်သူ့စစ်က စာလာပေးခဲ့တာဖြစ်ပြီး ဇွန် ၁၅ ရက် နောက်ဆုံးထား အကုန်ထွက်ဖို့ ပြောထားကာ တကယ်လို့ မထွက်သွားရင် ကြုံလာမယ့် အန္တရာယ်ကို သူတို့ တာဝန်မယူကြောင်း ပြောထားတယ်လို့ ရွာခံတွေက ပြောပါတယ်။

တောင်ရှေ့ကျေးရွာအုပ်စုရှိ ရွာခံတယောက်က “ခု PNO တွေ ထွက်သွားခိုင်းတဲ့ ရွာတွေက အရင်က တိုက်ပွဲဖြစ်ခဲ့တဲ့နေရာတွေ ဖြစ်တယ်။ ရွာသားတွေ ပြန်နေတာ မကြာသေးဘူး။ PNO က မထွက်လို့ မရဘူး၊ ထွက်ရမယ်ပြောတော့ ရွာသားတွေ အခက်အခဲ ဖြစ်နေကြတယ်။ ခုက စိုက်ပျိုးတဲ့ရာသီဖြစ်လို့ တကယ်လို့ စစ်ဘေးရှောင်ရင် ဘာမှ စိုက်လို့မရတော့ဘူး၊ တနှစ်စာ နစ်နာမယ်။ ခုတော့ ရွာသားတွေ အစည်းအဝေးလုပ်ပြီး တိုင်ပင်နေကြတယ်” လို့ ပြောပါတယ်။

PNO ပြည်သူ့စစ် မောင်းထုတ်တဲ့ ကျေးရွာတွေမှာ နောင်ကျောကျေးရွာအုပ်စုက တပူးထိုရွာ၊ ကောင်ထိုရွာ၊ လွယ်ငွန်းရွာ၊ နောင်ဗိုရွာ၊ ပင်စက်ရွာနဲ့ တောင်ရှေ့ကျေးရွာအုပ်စုက နောင်ထော်ရွာ၊ ကလားလမ်ရွာတို့ ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီကျေးရွာထဲက ကျေးရွာတချို့ကိုတော့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက “သူတို့ ဒီလိုလုပ်တာက ပြည်သူလူထုရဲ့ ရပ်ရွာ၊ ဥစ္စာ၊ စည်းစိမ်ကို ဖျက်ဆီးချင်တဲ့အတွက် လုပ်တာလို့ပဲ မြင်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ကျေးရွာအတွင်းက ထွက်ခွာတဲ့သူတွေ အနေနဲ့လည်း တောင်ယာနဲ့ စစ်ဘေးရှောင်စခန်းမှာ သွားရောက်နေထိုင်ခြင်း မပြုဖို့နဲ့ ဆီဆိုင်မြို့ ဘုရားဖြူကျေးရွာ မွေတော်ဘုရားဝန်းမှာသာ စုနေရမယ်လို့လည်း PNO ပြည်သူ့စစ်က ပြောထားတယ်လို့ သိရပါတယ်။

PNO ပြည်သူ့စစ် စာပေးပို့ပြီးနောက် ကျေးရွာတချို့မှာ PNO ပြည်သူ့စစ်နဲ့အတူ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်တပ်စွဲခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013