DVB Logo
Home
Lead Story
ဗန်းမော်တင်အောင်မွေးနေ့ ၁၀၅ နှစ်မြောက်
DVB
·
June 10, 2025
ဗန်းမော်တင်အောင်မွေးနေ့ ၁၀၅ နှစ်မြောက်
Donate to DVB

သက်ရှိထင်ရှား၊ ရှိနေငြားက

၁၀၅ နှစ်၊ ယနေ့ဖြစ်ပြီ

မြန်မာပြည်၏၊ ရဲရင့်သည့်ကြယ်

စာပွဲလယ်တင့်၊ မြင့်မြတ်ရှေ့ဆောင်

ဗန်းမော်တင်အောင် မွေးနေ့ပါတကား။ ။

ဇွန်လ ၉ ရက်ဟာ စာရေးဆရာကြီး ဗန်းမော်တင်အောင် ( ၉ ရက်  ဇွန် ၁၉၂၀ - ၂၃ ရက် အောက်တိုဘာ ၁၉၇၈) ရဲ့ ၁၀၅ နှစ်မြောက် မွေးနေ့ပါ။ သူဟာ လူသေသော်လည်း နာမည်မသေသူ စာရင်းဝင်တယောက်ပေါ့။ သူကွယ်လွန်ခြင်း နှစ် ၂၀ ပြည့်မှာ ကဗျာဆရာကြီး တင်မိုးက အခုလို ရေးသား ဂုဏ်ပြုခဲ့ပါတယ်။

အဖိနှိပ်ခံ ပြည်သူတွေရှေ့က အလံဝှေ့ယမ်းနေတဲ့ စာပေခေါင်းဆောင် စာရေးဆရာ ဗန်းမော်တင်အောင်။

လင်းယုန်ရဲ့အတောင်ပံရိုက်ချိုးဖို့

ကိုကိုးကျွန်းနဲ့ အကျဉ်းထောင်

ပင်လယ်ကျောက်ဆောင်နဲ့ လှိုင်း

မုန်တိုင်းတွေ ကြားထဲမှာ

ရဲရင့်စွာခေါင်းဆောင်

အဲ့ဒါ ဗန်းမော်တင်အောင်။

အမိုက်မှောင်ဆုံး ကာလတွေမှာ

ထွန်းပလာခဲ့တဲ့စာပေကြယ်နီရောင်

အဲ့ဒါ ဗန်းမော်တင်အောင်. . .။

တင်မိုး

ဆရာကြီးတင်မိုးဟာ ထောင်ကျခံရမယ်ဆိုတာ သိလျက်နဲ့ တော်လှန်ကလောင်ကို ဖက်ရေးခဲ့သူလေ။ သူ့လိုမျိုး တော်လှန်သူတွေ ကွယ်လွန်ရင် ကဗျာတွေရေးပြီး ဂုဏ်ပြုမြဲပေါ့။ ဆရာကြီး ဗန်းမော်တင်အောင်ကိုကျတော့ လေးစားလွန်းလို့၊ သူ့လိုမျိုး အဖိနှိပ်ခံ ပြည်သူဘက် ရပ်ခံပြီး စာပေတွေရေးသူမို့ အထက်ပါ ကဗျာလေးတွေနဲ့ ကွယ်လွန်ပြီး အနှစ် ၂၀ ကိုတောင် စာဖွဲ့ပေးခဲ့ရတဲ့အထိပါလား။ အလားတူ ကဗျာဆရာကြီး ဒေါင်းနွယ်ဆွေကလည်း ဆရာဗန်းမော်တင်အောင်ကို “မုန်တိုင်းထဲကလူ” ဆိုပြီး တင်စား ကဗျာစပ်ဆိုခဲ့တယ်။

အသင့်ကောက်ကြောင်း၊ ပုံလောင်းခဲ့သည်

သင့်ယုံကြည်ချက်၊ ထက်မြက်စူးရှ

ဘဝနက်ရှိုင်း၊ ‘မုန်တိုင်းထဲကလူ’

အတုယူစရာ၊ စာမျက်နှာများ

ချန်ထားရစ်ခဲ့၊ ဖွဲ့နွဲ့ဟန်ပန်

‘ဂျက်လန်ဒန်’ လို၊ တောင်းဆိုပြတ်သား

မြတ်တရားသည်

လူသားတိုက်ပွဲခေါ်သံပင်သာတည်း . . . ။ ။

ဒေါင်းနွယ်ဆွေ

မထူးဆန်းသောသေခြင်းမှ ထာဝရမပျောက်ဆုံးသူ ဗန်းမော်တင်အောင် ဂုဏ်ပြုကဗျာရှည်မှ . . .

ကြည့်ပါ။ သက်ရှိထင်ရှားဦးမည်ဆိုက ၁၀၅ နှစ် မွေးနေ့ရှင်ဟာ တင်မိုး၊ ဒေါင်းနွယ်ဆွေ တို့ကဲ့သို့သော ဒိတ်ဒိတ်ကြဲ စာဆိုတော်ကြီးတွေရဲ့ ဂုဏ်ပြုခြင်းကို ခံရသူတယောက်ပါ။ ဆရာကြီး ဗန်းမော်တင်အောင် ကိုယ်တိုင်ကလည်း . . .

“လူတယောက်ရဲ့ တန်ဖိုးဟာ

သူ ဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက

သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို

သူ ဘယ်လောက်သယ်ပိုးထမ်းရွက်ခဲ့တယ်

ဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲ” လို့ ဆိုခဲ့သူပါ။

ဝတ္ထုတပုဒ်ကြောင့် ထောင်ကျခံခဲ့ရသူ

ဇွန်လ ၉ ရက် ၂၀၂၅ နေ့ဟာ ပြည်သူ့စာရေးဆရာကြီး ဗန်းမော်တင်အောင်ရဲ့ ၁၀၅ နှစ်မြောက် မွေးနေ့ပါ။ သူဟာ ဝတ္ထုနဲ့ လုံးချင်းစာအုပ် ၇၇ အုပ် ရေးသားခဲ့သူ၊ လူထုနိုင်ငံရေးခေါင်းဆောင်၊ သတင်းစာဆရာ၊ အယ်ဒီတာ၊ သမိုင်းပညာရှင် စတဲ့ စတဲ့ ဂုဏ်ပုဒ်တွေနဲ့ ကြွယ်ဝခဲ့သူ။ စာရေးဆရာတွေဟာ သူတို့ကိုယ်သူတို့ ကလောင်အမည်ပေးတဲ့အခါ မွေးဖွားဇာတိ မြို့ရွာဒေသကိုလိုက် အမည်ပေးတတ်ကြသလို ကြီးပြင်းလာမှ ပညာသင်ယူတဲ့ဒေသ မြို့ရွာတွေကို စွဲယူပြီး ကလောင်အမည်ယူကြတာလည်း ရှိပါရဲ့။ ပဲခူးဇာတိ မောင်တင်ဦးဟာ ပညာသင်ယူ ကြီးပြင်းခဲ့တဲ့ ဗန်းမော်မြို့ကို စွဲယူလိုက်ပြီး ဗန်းမော်တင်အောင် ဖြစ်လာတာလို့ သူကိုယ်တိုင် ရေးထားခဲ့တာပါ။ သူဟာ ရိုးရိုးစာရေးဆရာ မဟုတ်ပါ။ ထောင်ကျခံပြီး ၀တ္ထုတွေရေးခဲ့တယ် မဟုတ်လား။ “ပြည်တော်သာ ခင်ခင်ဦး” အမည်ရှိ ဝတ္ထုစာအုပ်ဟာ ဖဆပလ အစိုးရက သူ့ကို မျက်မုန်းကျိုးစေခဲ့တဲ့ စာအုပ်ပါ။ ပြည်တော်သာရမည်ဆိုပြီး မစားရ ဝခမန်း ဝါဒဖြန့်နေတာကို သူက ပြည်သူ့ဘက်ကရပ် အမှန်ကို ရေးခဲ့တာလေ။ ပြည်တော်သာခင်ခင်ဦး ဇာတ်သိမ်းခန်းတောင် ရေးလို့ မပြီးခဲ့ဘူးတဲ့။ ဆရာ့ကို ရဲက လာဖမ်းတယ်။ သူက ထုတ်ဝေသူကို ကျနော် စာရွက်တွေ ယူသွားပြီး အချုပ်ထဲကျမှ ဇာတ်သိမ်းကို ရေးမယ်လို့ ပြောသွားသေးတယ်ဆိုပဲ။ သူဟာ သူပုန်ကြီး (၁၉၅၁) စာအုပ်ရေးမှုနဲ့လည်း အဖမ်းခံခဲ့ရတယ်။ ပြည်တော်သာခင်ခင်ဦး (၁၉၅၂) အတွက်လည်း ထောင်ထဲရောက်တယ်။ အမေ (၁၉၅၃) စာအုပ်နဲ့လည်း အဖမ်းခံခဲ့ရတယ်။ ထောင်ထဲကကို မထွက်ရသူ။ အမှုက စာရေးဆရာအမှု။ သူပဲမှားလား။ ဖမ်းခဲ့ကြတဲ့ ဘုရားတကာ၊ ကျောင်းတကာတွေပဲ မှားသလား။ သမိုင်းက သက်သေထူနေပါရဲ့။

ဓားမိုးအုပ်ချုပ်၊ ကျွန်လုပ်မခံ

ပြန်တုံ့ပြန်မှ၊ အခွင့်ရလိမ့်

စဉ်းစားချိမ့်ရေး၊ သင်ပေးခဲ့တာ

ဆရာဗန်းမော်တင်အောင်ပါတကား။ ။

စာအုပ်ပေါင်း ၇၇ အုပ် ရေးခဲ့ရာမှာ “ရိုးမတိုက်ပွဲ (၁၉၆၃)” လည်း ပါခဲ့တယ်။ ရိုးမတိုက်ပွဲဟာ ဖက်ဆစ်ဂျပန်တော်လှန်ရေးအကြောင်း ဝတ္ထုပေါ့။ အဲ့သည်စာအုပ်မှာ သူ့ရဲ့ ဒဿန စကားတခွန်းရှိတယ်။ အဲ့ဒါကတော့. . .

“ဓားမိုးပြီးကျွန်ပြုထားတဲ့ကိစ္စကို

ဓားဆွဲပြီး ပြန်လှန်ခုခံရမှာကို

ကြောက်စရာလို့ ထင်နေရင်လည်း

ဒီလူမျိုးဟာလည်း

ကျွန်ဘဝနဲ့ပဲ ထိုက်တန်တယ်လို့

ရာဇဝင်က အဆုံးအဖြတ် ပေးပါလိမ့်မယ်။ ။

(စာမျက်နှာ ၇၇ ရိုးမတိုက်ပွဲ)

ဆရာ ဗန်းမော်တင်အောင်ရဲ့ အတွေးအမြင် ခံယူချက်ဟာ စစ်အာဏာရှင်ကြီး ဦးနေဝင်းရဲ့ ခံယူချက်စကားနဲ့ ပြောင်းပြန်ဆန့်ကျင်ပါတယ်။ ဦးနေဝင်းက သူ့စစ်အာဏာရှင် မင်းဆက် ရာဇပလ္လင်မြဲဖို့ စစ်တပ်တွေ မိုးပေါ်ထောင် မဖောက်နဲ့၊ ပြည်သူကို ခြောက်ရုံ မပစ်နဲ့။ တည့်တည့်သာ ခေါင်းတွေကို ပစ်ကြ။ ဒါမှ ငါတို့ သားစဉ်မြေးဆက် စစ်အာဏာသက် ရှည်မှာနော်။ ပြည်သူတွေလည်း ကြောက်ပြီး မတွန်းလှန်ရဲဘဲ ကျွန်သက်တွေ ရှည်မှာလို့ ပြောခဲ့တာ။ အခုကြည့် နေဝင်းစကား နားထောင်ပြီး သိမ်းလိုက်တဲ့အာဏာဟာ မဆုံးတော့ဘူး။ မဲစာရင်းမှားလို့တို့၊ လက် ၂ လုံးအလိုတို့၊ ဖက်ဒရယ်ကြောင့် ပြည်ထောင်စု မပြိုကွဲရေး၊ အမျိုးဘာသာ သာသနာထိန်းဖို့ စတဲ့ အကြောင်းပြချက်တွေနဲ့ စစ်ကျွန်သဘောက် အောက်ကျတိုင်းပြည်ပေါ့။

ဆရာ ဗန်းမော်တင်အောင်ကတော့ ဓားမိုး သေနတ်ထောက် ဗိုလ်ကျစိုးမိုးနေတဲ့ စစ်တပ်ကို ရရာလက်နက်စွဲကိုင် တိုက်မှပဲ ရမှာလို့ ရေးခဲ့ ပြောခဲ့တာလေ။ မင်းတို့ စစ်တပ်ကလည်း မိုးပေါ်ထောင်မဖောက်ရင် ငါတို့ပြည်သူတွေကလည်း PDF တပ်ဖွဲ့ပြီး မီးပန်းဗျောက်အိုးတွေနဲ့ ဖြစ်ဖြစ်၊ တူးမီးတွေနဲ့ဖြစ်ဖြစ် မိုးပေါ်ထောင်မပစ်ဘဲ တည့်တည့်သာ ပြန်ပစ်ကြမယ်ကွလို့ ပြောခဲ့တာပါပဲ။

အော် ငါ့ ၁၀၅ နှစ်ပြည့် မွေးနေ့မှာ ငါတို့ပြည်သူတွေ ငါ့စကားနားထောင်ပြီး ဓားမိုးမခံ ဓားဆွဲ သေနတ်ဆွဲ နွေဦးမှာ တော်လှန်ပြီး အောင်ပွဲတွေတောင် စရနေပါ့ပေါ့လားလို့ ကျေကျေနပ်နပ်ကြီး တမလွန် ကောင်းကင်ဘုံက အကြည့်ကြီးကြည့်ပြီး နေတော့ကာသာ မလားရယ်လို့သာ စဉ်းစားနေမိပါတော့တယ်။ ။

ခွေးရူးလိုက်ကိုက်

တုတ်ဆွဲရိုက်မှ

လူကိုက်မခံရ

သက်သာကြမည်

ဘဝအများ ကောင်းကြောင်းတည်း။ ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013