
ချင်းပြည်နယ်၊ တွန်းဇံမြို့အနီးမှာ ပြင်းအား ရစ်ချ်တာစကေး ၄ ကျော်တဲ့ အင်အား အနည်းငယ်ရှိတဲ့ ငလျင် ၂ ကြိမ် မိနစ်အနည်းငယ်အကွာနဲ့ ဆက်တိုက်လှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထုတ်ပြန်ချက်အရ သိရပါတယ်။
ဇွန် ၁၀ ရက် မြန်မာစံတော်ချိန် နေ့လယ် ၁၁ နာရီ ၅၈ မိနစ်အချိန်လောက်မှာ တွန်းဇံမြို့အနီး၊ မော်လိုက်မြို့ရဲ့ အနောက်-အနောက်တောင်ဘက် ၃၁ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၄ ဒသမ ၁ အဆင့်နဲ့ အင်အားအနည်းငယ်ရှိတဲ့ ငလျင် တကြိမ်၊ မွန်းလွဲ ၁၂ နာရီ ၂၁ မိနစ်လောက်မှာတော့ မော်လိုက်မြို့အနောက်ဘက် ၃၇ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၆၀ ကီလိုမီတာကို ဗဟိုပြုကာ ရစ်ချ်တာစကေး ၄ ဒသမ ၃ အဆင့်နဲ့တကြိမ် လှုပ်ခတ်ခဲ့တယ်လို့ NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ဇွန် ၁၉ နေ့လယ်က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဒီမနက် အစောပိုင်း ၃ နာရီ ၃၁ မိနစ်က ကျောက်ဆည်မြို့ရဲ့တောင်ဘက် ၃၅ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၄ ဒသမ ၉ အဆင့် အင်အားအတော်အသင့်ရှိတဲ့ ငလျင်တခုနဲ့ ဒီမနက် ၆ နာရီကျော်မှာလည်း မတ္တရာမြို့ရဲ့ အနောက်တောင်ဘက် ၈ မိုင်လောက်အကွာ အနက် ၁၂ ကီလိုမီတာကနေ အင်အား ၃ ဒသမ ၂ ရှိတဲ့ ငလျင်တခု လှုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
မြေငလျင်တိုင်းတာစက်တွေနဲ့ ဗဟိုချက်ရဲ့ အနီးအဝေးပေါ်မူတည်ပြီးတော့ ငလျင်အင်အားပမာဏ နည်းနည်းကွာခြားနိုင်တယ်လို့ဆိုပြီး ငလျင်ဘေးကြောင့် ထိခိုက်ဆုံးရှုံးတာတွေ လျော့နည်းစေဖို့ ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်တွေနဲ့အညီ နေထိုင်ကြဖို့လည်း အသိပေးထားပါတယ်။