
စစ်ရေးတင်းမာနေတဲ့ ထိုင်း-ကမ္ဘောဒီးယားနယ်စပ် ချောင့်ဘုတ်/ မွန်ဘိုင်း နယ်မြေမှာ ဇွန် ၈ ရက်က နှစ်ဘက် တပ်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် ကမ္ဘောဒီးယားတပ်ဘက်က နောက်ပြန်ဆုတ်သွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ကမ္ဘောဒီးယား ကြည်းတပ် ဒုစစ်ဦးစီးချုပ်လည်းဖြစ်၊ အမှတ် ၃ တပ်မမှူးလည်းဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး ဆလိုင်းတိုက်ခ်နဲ့ ထိုင်းကြည်းတပ် ဆူရတ်နာရီစစ်ကြောင်းမှူး ဗိုလ်မှူးချုပ် ဆုမ်ဖုပ် ဖာရဝေ့၊ အမှတ် ၂ တပ်မမှူး ဗိုလ်မှူးချုပ် နာ့ဆီအင်း တို့ဟာ ဇွန် ၈ ရက် မနက် ၁၀ နာရီလောက်က တွေ့ဆုံဆွေးနွးခဲ့တာပါ။
နှစ်ဘက်တပ် ထိပ်တိုက်တွေ့တာကို ရှောင်ရှားဖို့ ကမ္ဘောဒီးယားတပ်ဘက်က ၂၀၂၄ ခုနှစ်က တည်ရှိတဲ့နေရာဆီ ပြန်ဆုတ်ပြီး လာမယ့် ဇွန် ၁၄ ရက်မှာ JBC အဆင့်နဲ့ တွေ့ဆုံဆွေးနွေးဖို့ သဘောတူခဲ့ကြတယ်လို့ ထိုင်းကြည်းတပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဝင်းထိုင်း ဆူဝါးရီးက သတင်းထောက်တွေကို ပြောပါတယ်။
ညနေပိုင်းမှာတော့ ကမ္ဘောဒီးယားတပ်ဘက်က ချောင့်ဘုတ်ကနေ နောက်ပြန်ဆုတ်သွားပြီး တူးထားတဲ့ ကတုတ်ကျင်းတွေ ပြန်ဖို့ထားတာတွေ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
ဒီမတိုင်ခင်ရှေ့က ကမ္ဘောဒီးယားစစ်သည်အင်အား ၁၂,၀၀၀ ဟာ ထိုင်းနယ်စပ်အနီးမှာ အသင့်နေရာယူထားပြီး ထိုင်းအစိုးရကလည်း လုံခြုံရေးအရှိန်မြှင့်ဖို့၊ အခြေအနေပေါ် မူတည်ကာ နယ်စပ်ဂိတ်တွေ ပိတ်ဖို့ တိုင်းဒေသ အမှတ် - ၂ တပ်ဖွဲ့ကို လုပ်ပိုင်ခွင့်အပ်နှင်းခဲ့ပါတယ်။
အဲဒီနောက် ဆာကယောက်ခရိုင် အန်လယပထေ့မြို့နယ်ရှိ ဘန့်ခေါင်းလိုတ်နယ်စပ်ဂိတ်ကို ထိုင်းဘက်က စပိတ်ပြီး မရှေးမနှောင်းမှာ ကမ္ဘောဒီးယားဘက်ကလည်း ထိုင်းဘက်ကလူတွေ အဝင်မခံတော့ပါဘူး။ ဒါကြောင့် အဆင်သင့်မဖြစ်တဲ့ နှစ်ဘက်နိုင်ငံ ခရီးသွားတွေ အဆိုပါဂိတ်မှာ ပိတ်မိနေခဲ့ကြပါတယ်။
နယ်စပ်ဂိတ်တွေ ပိတ်မယ်ဆိုရင် ကုန်သွယ်မှုမှာ ထိုင်းနိုင်ငံက ကမ္ဘောဒီးယားထက်ပိုပြီး ဆုံးရှုံးနစ်နာမယ်လို့ ကမ္ဘောဒီးယားနိုင်ငံတော်အတိုင်ပင်ခံ ကောင်စီဥက္ကဋ္ဌ ဟွန်ဆန်က ပြောပါတယ်။
ကမ္ဘောဒီးယားတပ်တွေ နောက်ဆုတ်သွားပြီလို့ ထိုင်းသတင်းတွေက ဖော်ပြနေစဉ်မှာပဲ ဇွန် ၉ ရက်မှာတော့ အတိုင်အပင်ခံ ဟွန်ဆန်က သူ့ရဲ့လူမှုကွန်ရက်မှာ “ကမ္ဘောဒီးယားတပ်တွေ နောက်ဆုတ်တာ မဟုတ်ဘူး၊ တပ်အလှည့်အပြောင်းလုပ်ခြင်း ဖြစ်တယ်။ ငါတို့ ဦးခေါင်းကစ ခြေဖျားထိ ခုတင်ပေါ်ကနေ ဘယ်မှမရွေ့ဘူး။ ခန္ဓာကိုယ်ကို ဟိုဘက် ဒီဘက် လှည့်ပြောင်းလိုက်တာပဲ ရှိတယ်။ နှစ်ဘက်က စစ်မဖြစ်ချင်ပါဘူး၊ တို့ဘက်က ရေရှည်ငြိမ်းချမ်းရေးကို လိုလားတယ်၊ ပြဿနာကို နိုင်ငံတကာတရားရုံးကနေ ဖြေရှင်းမယ်” လို့ ရေးသားထားပါတယ် ။
လက်ရှိ အငြင်းပွားနေတဲ့ ဥဘွန်းရာ့ချ်ဌာနီခရိုင် နမ့်ယင်းမြို့နယ် ချောင့်ဘုတ်ဒေသမှာ မေ ၂၈ ရက်မနက်က ပစ်ခတ်မှုဖြစ်ပွားပြီး ကမ္ဘောဒီးယားတပ်သားတယောက် ကျဆုံးခဲ့ပါတယ်။
မေ ၃၀ ရက်မှာ နှစ်ဘက် ကြည်းတပ်ဦးစီးချုပ်တို့ တွေ့ဆုံဆွေးနွေးပြီး JBC၊ GBC ၊ RBC အစရှိတဲ့ နယ်ခြားကော်မတီတွေနဲ့ ဆွေးနွေးဖို့၊ ဒီကြားထဲ ထိတွေ့မှုမဖြစ်အောင် နှစ်ဘက်တပ်တွေ မီတာ ၂၀၀ စီ နောက်ဆုတ်ထားဖို့ သဘောတူပေမဲ့ ဟွန်ဆန်ကတော့ အဲဒီနေရာဟာ ကမ္ဘောဒီးယား ပိုင်နက်လို့ ပြောဆိုပြီး နိုင်ငံတကာတရားရုံးမှာ ဖြေရှင်းမယ်လို့ ဆိုပါတယ်။
ကမ္ဘောဒီးယားဘက်က နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကို တင်ပြမယ့် အချက်တွေမှာ ထိုင်းဘက်ခြမ်းရှိ တာမွန်းထုံး၊ တာမွန်းတုတ်၊ တာခွိုင်း စတဲ့ ရှေးဟောင်းခမာဘုရားကျောင်းနဲ့ လက်ရှိ တင်းမာမှု ဖြစ်နေတဲ့ ထိုင်းအခေါ် ချောင့်ဘုတ်/ကမ္ဘောဒီးယား အခေါ် မွန်ဘိုင်းနယ်မြေတွေဟာ သူတို့ အပိုင်တွေဖြစ်တယ်ဆိုတဲ့ အချက်တွေ ပါပါတယ်။
ထိုင်းကတော့ ပြဿနာကို အိမ်နီးချင်းနိုင်ငံအချင်းချင်း တွေဆုံညှိနှိုင်းခြင်းနဲ့သာ ဖြေရှင်းလိုနေတာပါ။
Source: Thairath / Bright TV