DVB Logo
Home
နိုင်ငံတကာ
ထိုင်း-ကမ္ဘောဒီးယား ပစ်ခတ်မှု ထိုင်းပြည်သူ ၉ ဦး သေဆုံးပြီး  ၁၄ ဦး ဒဏ်ရာရ၊  လူ သောင်းနှင့်ချီ စစ်ဘေးရှောင် 
DVB
·
July 24, 2025
ထိုင်း-ကမ္ဘောဒီးယား ပစ်ခတ်မှု ထိုင်းပြည်သူ ၉ ဦး သေဆုံးပြီး  ၁၄ ဦး ဒဏ်ရာရ၊  လူ သောင်းနှင့်ချီ စစ်ဘေးရှောင် 
Donate to DVB

ထိုင်းနဲ့ ကမ္ဘောဒီးယား ၂ နိုင်ငံ သံတမန်ဆက်ဆံရေး အဆင့်နှိမ့်ချလိုက်ကြောင်း နှစ်ဖက် ထုတ်ပြန်ကြေညာလိုက်တဲ့နောက် ဇူလိုင် ၂၄ ရက် ဒီကနေ့မနက် ၈ နာရီကျော်လောက်ကစ နယ်စပ်ခရိုင်တွေမှာ ပစ်ခတ်မှုဖြစ်ပွားပြီး မွန်းလွဲ ၁ နာရီထိ ထိုင်းဘက်ခြမ်းက ပြည်သူ  ၉ ယောက် သေဆုံး၊ ၁၄ ယောက် ဒဏ်ရာရသွားတယ်လို့ Thai PBS သတင်းမှာ ဖော်ပြပါတယ်။

ပစ်ခတ်မှုတွေဟာ ဥဘွန်းရာ့ချ်ဌာနီ၊ ဆူရင်း၊ ဆီစကစ်၊ ဘူရီရမ်စတဲ့ ခရိုင် ၄ ခု နယ်စပ်တလျှောက်မှာ ဖြစ်ပွားနေပြီး ဆူရင်းခရိုင်မှာဆိုရင် ကပ်ချိန်းမြို့နယ်က ပြည်သူ ၄ ယောက် လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရကာ ၂ ယောက်က ဆေးရုံရောက်ပြီး မကြာခင် သေဆုံးသွားတယ်၊ အသက် ၁၂ နှစ်ရွယ် ယောကျ်ားလေးတယောက်နဲ့ အသက် ၄၀ ကျော် လူကြီးတယောက်ဖြစ်တယ်လို့ ကပ်ချိန်းမြို့နယ် အုပ်ချုပ်ရေးမှူးက သတင်းထောက်ကို ပြောပါတယ်။

ကပ်ချိန်းမြို့နယ် ရပ်ကွက်နဲ့ ကျေးရွာပေါင်း ၈၆ ခုရှိ ပြည်သူ ၄၀,၀၀၀ နီးပါး ဘေးလွတ်ရာ ရွှေ့ပြောင်းနေကြပြီလို့  ဆိုပါတယ်။

ဆူရင်းခရိုင်ထဲမှာပဲ ဖနုံဒုံရတ်မြို့နယ်ပြည်သူ့ဆေးရုံပါ ပစ်ခတ်ခံရတယ်၊  ဖနုံဒုံရတ်ဆေးရုံမှာ ခုတင် ၃၀ ဆံ့ပြီး လူနာတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားတယ်၊ အလားတူ ခုတင် ၆၀ ဆံ့ ကပ်ချိန်းပြည်သူ့ဆေးရုံက လူနာ ၅၆ ယောက်ကိုလည်း ရွှေ့ပြောင်းထားပြီလို့ တာဝန်ရှိသူက ပြောပါတယ်။

ဖနုံဒုံရတ်မြို့နယ် တားမျိန်းအုပ်စု နောင်ခနားကျေးရွာမှာတော့ ကျေးရွာအုပ်ချုပ်ရေးမှူးက သတိပေးထားတာကြောင့် ဒီနေ့မနက် ၈ နာရီကျော်ကတည်းက အချို့က ဗုံးခိုကျင်းတွေမှာ ဝင်နေကြသလို တချို့က တခြားနေရာကို ရွှေ့ပြောင်းနေကြတယ်၊ တချို့က ကိုယ်ပိုင်ကားနဲ့ ထွက်ပြေးပြီး တချို့ကိုတော့ စစ်တပ်က ကားနဲ့လာကြိုသွားတယ်လို့  ဆိုပါတယ်။

ဆီစကစ်ခရိုင်ထဲမှာတော့ ကန်ထရာရတ်မြို့နယ် နမ့်ယင်းမြို့ရှိ PTT ဓာတ်ဆီဆိုင်အနီး ဆဲဗဲင်းအီလဲဗင်း ကုန်စုံဆိုင် လက်နက်ကြီးထိမှန်ကာ မီးလောင်မှုဖြစ်ပွားပြီး ဒေသခံ ၃ ယောက် သေဆုံးသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဘူရီရမ်ခရိုင် ဘန့်ကရုတ်မြို့နယ် ဆေးရုံကြီးအနီး လူနေရပ်ကွက်ထဲကို လက်နက်ကြီးကျည် ၆ လုံး ကျရောက်တာကြောင့် အသက် ၅၀ ကျော် အမျိုးသားတယောက် လက်နဲ့ ခြေတွေ ဒဏ်ရာရသွားတယ်၊ နွား ၁  ကောင် သေသွားတယ်လို့ ဂျိူးချိုသတင်းမှာ ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နိုင်းနိကွဏ်းဒေချ် ဖလန်းကွန်းက- ဒီပစ်ခတ်မှုတွေဟာ ကမ္ဘောဒီးယားဘက်က ရည်ရွယ်ချက်ရှိရှိ စတင်ခဲ့တာဖြစ်ပြီး နိုင်ငံတကာ စစ်ဥပဒေကို ချိုးဖောက်တာ ဖြစ်တယ်၊ ထိုင်းနိုင်ငံအနေနဲ့ ကမ္ဘောဒီးယားစစ်တပ်ရဲ့ လုပ်ရပ်ကို အပြင်းအထန် ရှုတ်ချပြီး အကြမ်းဖက်ပစ်ခတ်မှုတွေ ရပ်တန်းက ရပ်ဖို့ တောင်းဆိုတယ်၊ ကမ္ဘောဒီးယားဟာ အိမ်နီးချင်းကောင်း မပီသဘူး၊ လုပ်ဆောင်ချက်တွေအတွက် တာဝန်ယူရမယ်။ အချုပ်အခြာအာဏာ ကျူးကျော်ပစ်ခတ်မှုတွေ ဆက်လုပ်နေမယ်ဆိုရင် ထိုင်းနိုင်ငံအနေနဲ့ တန်ပြန်ခုခံမှု အဆင့်မြှင့်ဖို့  အသင့်ရှိတယ်လို့ ဒီကနေ့ နေ့လယ်ပိုင်းမှာ ထုတ်ပြန်ပြောဆိုပါတယ်။ 

အမှတ် ၂ စစ်တိုင်းဒေသကလည်း ဥဘွန်းရာ့ချ်ဌာနီခရိုင် နမ့်ယင်းမြို့နယ် ချောင့်အန်မာ့ဒေသနဲ့ မျက်နှာချင်းဆိုင်ရှိ  ကမ္ဘောဒီးယား တပ်ရင်း ၂ ရင်းကို F-16 တိုက်လေယာဉ်တစင်းနဲ့ “ချေမှုန်း”လိုက်ပြီ လို့  ဇူလိုင် ၂၄ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။ 

F-16 တိုက်လေယာဉ် ၆ စင်း စေလွှတ်ခဲ့ပြီး တစင်းပဲ တိုက်ရသေးတယ်၊ ၆ စင်းလုံး မိခင်တပ်ရင်းကို ချောမောစွာ ပြန်ရောက်ရှိပြီလို့ ဆိုပါတယ်။ 

ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာလီဆိုကျေးဒါး Maly Socheata ကတော့ “ဒီကနေ့မနက် ၇ နာရီလောက်မှာ ထိုင်းစစ်တပ်ဘက်က ဒရုန်းတွေ စတင်ပျံဝဲလာလို့ မိမိတို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရန်မှတပါး အခြားရွေးချယ်စရာလမ်း မရှိတာကြောင့်  မနက် ၈ နာရီကျော်မှာ ကမ္ဘောဒီးယားဘက်က ပစ်ခတ်ရခြင်း ဖြစ်တယ်၊ ထိုင်းဘက်က ကမ္ဘောဒီးယား နယ်မြေကို ကျူးကျော်ဖို့ အင်အားအလွန်အကျွံနဲ့ တိုက်လေယာဉ်ကို အသုံးပြုတာဟာ တရားလွန်တယ်၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၊ အာဆီယံ ပဋိညာဉ်နဲ့ နိုင်ငံတကာဥပဒေရဲ့ အခြေခံစည်းမျဉ်းတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာ ဖြစ်တယ်။ တာဝန်မဲ့ပြီး တရားမဝင်တဲ့ လုပ်ရပ်တွေဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက်သာမက နိုင်ငံတကာ စည်းမျဥ်းအုတ်မြစ်ကိုပါ ထိခိုက်စေတယ်၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ  အပိုဒ် ၅၁ အရ ကမ္ဘောဒီးယားဟာ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ရှိပြီး ထိုင်းနိုင်ငံရဲ့  ရက်စက်ကြမ်းကြုတ်တဲ့ ရန်စမှုတွေကို  ပြတ်ပြတ်သားသား တုံ့ပြန်မယ်” လို့ ဖနွမ်ပင်သတင်းဌာနကို ကိုးကားပြီး MGROnile သတင်းမှာ ဖော်ပြပါတယ်။ 

ကမ္ဘောဒီးယား ပြည်သူတွေဘက်က ထိခိုက်ဒဏ်ရာရမှု အခြေအနေတော့ မသိရသေးပါဘူး။ လူမှုကွန်ရက်မှာတော့ ထိုင်းရဲ့  F-16  တိုက်လေယာဉ်ကြောင့် ကမ္ဘောဒီးယားစစ်သည် အမြောက်အမြား သေဆုံးတယ်လို့ ဖော်ပြနေကြပါတယ်။ 

Source - Thai PBS / MGROnline / Thairath

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013