
မိုနာကိုနိုင်ငံရဲ့ မြို့လယ်ခေါင်မှာ ဇွန် ၂၉ ရက်က လက်လုပ်ဗုံးတလုံး ဖောက်ခွဲခဲ့ပြီး လူအများအပြားကို ဒဏ်ရာရစေခဲ့တဲ့ သံသယရှိသူ အမျိုးသားတယောက်ကို မိုနာကိုနဲ့ အိမ်နီးချင်း ပြင်သစ်နိုင်ငံက ရဲတပ်ဖွဲ့တွေ လိုက်လံရှာဖွေနေကြတယ်လို့ ဒေသခံအရာရှိတယောက်က ပြောပါတယ်။
ဒဏ်ရာရသွားသူတွေထဲက ၂ ယောက်ဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ မိုနာကို နိုင်ငံခြားရေးဝန်ကြီး ခရစ္စတို့ဖ် မီယာမန်က BFM ပြင်သစ်သတင်း ရုပ်သံလိုင်းကို ပြောကြားပါတယ်။
“မိုနာကိုနိုင်ငံသမိုင်းမှာ ဒီလိုဖြစ်ရပ်မျိုး တခါမှ မကြုံဖူးသေးပါဘူး” လို့ မီယာမန်က BFM ရုပ်သံလိုင်းကို ပြောပါတယ်။
ပြင်သစ် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေလည်း ကူညီပံ့ပိုးပေးဖို့ အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိနေကြပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ တရားခံကို ဖမ်းဆီးနိုင်ဖို့အတွက် ၂ နိုင်ငံ ရဲတပ်ဖွဲ့ ပူးပေါင်းစစ်ဆင်ရေးတခု လုပ်ဆောင်နေတယ်လို့ ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဗုံးပေါက်ကွဲမှုဟာ ဘီလီယံနာသူဌေးကြီးတွေနဲ့ သူတို့ရဲ့ ဇိမ်ခံရွက်လှေတွေ စုဝေးရာ ပြင်သစ် ရီဗီယာရာ ကမ်းရိုးတန်းပေါ်က အခွန်ကင်းလွတ်ခွင့်ရ ကမ္ဘာ့အသေးငယ်ဆုံး နိုင်ငံငယ်လေးတခု ဖြစ်တဲ့ မိုနာကိုနိုင်ငံရဲ့ မြို့လယ်ကောင်မှာ ည ၉ နာရီလောက်က ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
Source: Reuters











